အာဆင်နယ်က လီနိုရဲ့နေရာကို ကားလ် ဟိန်းနဲ့ အစားထိုးတော့မလား

အာဆင်နယ်အသင်းဟာ ဂျာမန်ဂိုးသမား ဘန်းဒ် လီနိုကို လက်လွှတ်ပြီး လူငယ်ဂိုးသမား ကားလ် ဟိန်းကို အသင်းမှာ ဆက်လက်ထိမ်းသိမ်းထားရှိဖို့ ကြိုးပမ်းဖွယ်ရှိနေကြောင်း Football London နဲ့ Daily Cannon တို့က သုံးသပ်ခဲ့ကြပါတယ်။

အဆိုပါကစားသမား ၂ ဦးလုံးဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်စီသာ ကျန်ရှိတော့တဲ့ ကစားသမားတွေဖြစ်ကြပြီး ကာယကံရှင်နှစ်ယောက်ဟာ ဂန်းနားတွေနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ စိတ်ဆန္ဒမရှိတော့ကြောင်း ပြီးခဲ့တဲ့နွေရာသီတုန်းက သတင်းထွက်ပေါ်ထားသူတွေပါတယ်။

Football London ကတော့ ဂန်းနားတွေအနေနဲ့ ၂ ဦးလုံးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ဖို့ စိတ်ကူးလုံးဝမရှိပဲ တစ်ဦးကို သေချာပေါက် အသင်းမှာဆက်လက်ထိမ်းသိမ်းထားနိုင်အောင် ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး အသင်းရဲ့နည်းစနစ်တွေနဲ့ အံမဝင်ဖြစ်နေတဲ့ လီနိုထက် လူငယ်ခြေတက်လည်းဖြစ်ပြီး လုပ်ခလာစာနှုန်းထားလည်း ပိုနည်းပါးတဲ့အပြင် စည်းရုံးနားချဖို့လည်း ပိုမိုလွယ်ကူနိုင်တဲ့ ကားလ် ဟိန်းကို အသင်းမှာ ဆက်နေအောင် စီစဉ်လိမ့်မယ်လို့ ဆိုထားပါတယ်။

အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ အာဆင်နယ် ယူ-၂၃ ဂိုးသမား ကားလ် ဂျကော့ဘ် ဟိန်းဟာ ပထမအသင်းကြီးနဲ့ လေ့ကျင့်ခန်းဆင်းခွင့်ရထားပေမယ့် ပထမအသင်းကြီးလူစာရင်းမှာ ပါဝင်ခွင့်မရသေးတာကြောင့် စာချုပ်သက်တမ်းတိုးမြှင့်ဖို့ စိတ်ဆန္ဒမရှိဖြစ်နေသူဖြစ်ပါတယ်။

ကားလ် ဟိန်းဟာ အာဆင်နယ်အသင်းကြီးရဲ့ တရားဝင်အသင်းသားမဖြစ်သေးပေမယ့် မိခင်နိုင်ငံ အက်စတိုးနီးယားမှာတော့ လက်ရွေးစင်အသင်းရဲ့ ပထမပွဲထွက်ကစားသမားနေရာကို အခိုင်အမာရယူထားနိုင်နေပြီး လက်စွမ်းကောင်းတွေလည်း ပြသနိုင်နေတာမို့ အာဆင်နယ်ပရိတ်သတ်တွေက သူ့ကို အသင်းမှာဆက်လက်မြင်တွေ့လိုနေကြပါတယ်။

အက်စတိုးနီးယန်း ကြယ်ပွင့်လေးဟာ ငယ်ဘဝမှာကတည်းက မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး အာဆင်နယ်အကယ်ဒမီကို ရွေးချယ်ခဲ့ဖူးသူဖြစ်တာမို့ အသင်းအပေါ် သံယောဇဉ်ကြီးမားသူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူပါ။ အာဆင်နယ်ပရိတ်သတ်တွေကတော့ အသင်းတာဝန်ရှိသူတွေဘက်ကသာ အလေးအနက်ထားဆွေးနွေးမှုတွေ ပြုလုပ်ခဲ့မယ်ဆိုရင် ကားလ်ဟိန်းကို စာချုပ်သက်တမ်းတိုးမြှင့်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

Source: Football London

Leave a Reply