အာဆင်နယ်ခံစစ်တန်းရဲ့ နောက်ကွယ်က ပဲ့ကိုင်ရှင်

လက်ရှိရာသီမှာ အာဆင်နယ်အသင်းရဲ့ သိသာထင်ရှားမှုအရှိဆုံး ပြောင်းလဲမှုတွေကို ပြပါဆိုရင် ကစားသမား ခေါ်ယူမှုမှာ ၁၀၀% အောင်မြင်အောင် စွမ်းဆောင်ပြနိုင်ခဲ့တာနဲ့ ကျစ်လျစ်မာကျောတဲ့ ခံစစ်တန်းကို ဖန်တီးနိုင်ခဲ့တာပါပဲ။ ဒါတွေအားလုံးရဲ့ နောက်ကွယ်က ပဲ့ကိုင်ရှင် က ဘယ်သူများပါလဲ။

‘အာဆင်နယ်ဟေ့’ လို့ ပြောလိုက်တာနဲ့ ပလိုင်းပေါက်နဲ့ဖားကောက်ပြီး ဘယ်အသင်းနဲ့ရင်ဆိုင်တွေ့တွေ့ ဘယ်အချိန်ဂိုးပြန်ပေးရတော့မလဲဆိုတာကို ရင်တမမနဲ့ စိတ်ပူပန်ခဲ့ရဖူးတဲ့ အသင်းဆိုတာ မှတ်မိကြမှာပါ။ ဆယ်စုနှစ်နဲ့ချီပြီး ဒီအတိုင်းတည်ရှိလာခဲ့တဲ့ အဲဒီပေါက်ကြီးကို စပိန်လူမျိုးလူငယ်နည်းပြ မီခယ် အာတီတာက ယခုနှစ်ရာသီမှာ ပြောင်းလဲပစ်လိုက်နိုင်ပါတယ်။

အာဆင်နယ်အသင်းဟာ ရာသီအဖွင့် ပွဲစဉ် ၃ ပွဲမှာ ရလဒ်တွေဆိုးရွားပြီး ပေးဂိုးလည်း ၉ ဂိုးအထိ ပေးခဲ့ရပေမယ့် အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေ အံဝင်ခွင်ကျဖြစ်လာချိန်မှာတော့ မထင်မှတ်ထားလောက်အောင်ကို မာကျောကျစ်လျစ်တဲ့ ခံစစ်တန်းတစ်ခုကို ဖန်တီးပြနိုင်ခဲ့ပါတယ်။

ဒီလိုမျိုး အာဆင်နယ်ခံစစ်တန်း ပြောင်းလဲသွားရတဲ့အချက်ဟာ နည်းပြအာတီတာတစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အာဆင်နယ်ခံစစ်တန်းကို အဓိက တာဝန်ယူပြင်ဆင်ခဲ့သူက နယ်သာလန်သား လက်ထောက်နည်းပြ အဲလ်ဘတ် စတွီဗင်ဘာ့ဂ်ဖြစ်တာမို့ပါ။ အာတီတာက မူဝါဒပိုင်းနဲ့ ကစားသမားခေါ်ယူရေးအပိုင်းတွေကို ဦးဆောင်ခဲ့တာဖြစ်ပေမယ့် တကယ်တမ်း လေ့ကျင့်ရေးပိုင်း၊ ကစားသမားတွေနဲ့ အနီးကပ်ဆက်ဆံမှုအပိုင်းတွေက စတွီဗင်ဘာ့ဂ်နဲ့ တိုက်ရိုက်သက်ဆိုင်ခဲ့ပါတယ်။

အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စတွီဗင်ဘာ့ဂ်ဟာ ၂၀၁၉ ခုနှစ်တုန်းက အာတီတာနဲ့အတူ အသင်းကို ရောက်ရှိလာသူပါ။ အဲဒီကာလတွေတုန်းက သူဟာ ဝေးလ်စ်လက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြရာထူးကိုလည်း တာဝန်ယူထားရသူဖြစ်တာမို့ သူ့ရဲ့နေရာနဲ့ လုပ်ဆောင်နိုင်စွမ်းက အကန့်အသတ်ရှိနေခဲ့ပါတယ်။

ဒီလိုအကန့်အသတ်တွေရှိနေတဲ့အပြင် အသင်းရဲ့ခံစစ်တန်း လစာရင်းမှာကလည်း ခြေစွမ်းမတည်ငြိမ်တဲ့ ကစားသမားတွေများပြားနေတာတောင်မှ ပြီးခဲ့တဲ့ရာသီမှာကတည်းက စတွီဗင်ဘာ့ဂ်အနေနဲ့ အသင်းကို ပြောင်းလဲမှုတွေ စတင်ပြုလုပ်ပြနိုင်ခဲ့ပါတယ်။

ရှိတဲ့လူနဲ့ဖြစ်အောင်လုပ်ပြခဲ့တဲ့ စတွီဗင်ဘာ့ဂ်ရဲ့ စွမ်းဆောင်ရည်ကြောင့် အာဆင်နယ်အသင်းဟာ ရာသီကုန်ချိန် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၈ နေရာမှာသာ ရပ်တည်ခဲ့ပေမယ့် ခံစစ်တန်းရဲ့ ဂိုးပေးနှုန်းကတော့ ၃၉ ဂိုးသာရှိခဲ့ပြီး လိဂ်တစ်ခုလုံးမှာ တတိယအကောင်းဆုံးခံစစ်ဖြစ်ခဲ့တာပါ။ နိုဝင်ဘာနဲ့ ဒီဇင်ဘာကာလတွေမှာ ဆိုးဆိုးရွားရွား ခြေစွမ်းကျဆင်းမှုမျိုးသာမရှိခဲ့ရင် အာဆင်နယ်အသင်း ဒီထက်ပိုကောင်းတဲ့ ပေးဂိုးမှတ်တမ်းကို ရေးထိုးနိုင်ဖွယ်ရှိသလို အမှတ်ပေးဇယားရပ်တည်မှုလည်း ပိုကောင်းခဲ့နိုင်ပါတယ်။

ဒါပေမယ့်လည်း တစ်ရာသီလုံးစာ အခြေအနေဆိုးတွေကြောင့် ရာသီကုန်ချိန်မှာ စတွီဗင်ဘာ့ဂ်နဲ့ အာတီတာ တို့ တည်ဆောက်ခဲ့တဲ့ ခံစစ်တန်းစွမ်းဆောင်ရည်ကို လူတွေ သတိမထားမိခဲ့ကြပါဘူး။ တစ်ဖက်မှာလည်း ပိုတည်ငြိမ်ပြီး ပိုမာကျောတဲ့ခံစစ်တန်းကို တည်ဆောက်ပြီး နောက်ကျောလုံလုံနဲ့ကစားချင်နေတဲ့ အာတီတာဟာ ပြီးခဲ့တဲ့နွေရာသီမှာတော့ သူ့နည်းစနစ်တွေနဲ့ကိုက်ညီမယ့် ခံစစ်ကစားသမားတွေကို အစုလိုက်အပြုံလိုက် ခေါ်ယူမှုစတင်ခဲ့ပါတယ်။

ရမ်းစ်ဒေးလ်၊ ဘန်ဝှိုက် တို့ကို ခေါ်ယူမှုတွေဟာ စတွီဗင်ဘာ့ဂ်ရဲ့ အကြံဉာဏ်တွေကြောင့်ဖြစ်ပြီး အသင်းကိုစတင်ရောက်ရှိချိန်မှာ သံသယမျက်ဝန်းတွေနဲ့ အကြည့်ခံခဲ့ရတဲ့ အင်္ဂလန်သား ၂ ယောက်ဟာ ခုချိန်မှာ ပရိတ်သတ်အချစ်တော်တွေဖြစ်နေကြပါပြီ။ ထို့အတူပါပဲ၊ ဂန်းနားတွေရဲ့ ခံစစ်တန်းဟာလည်း စနစ်တကျအချိန်ယူတည်ဆောက်ပြီးတဲ့နောက်မှာ ကျစ်လျစ်ပြီး ပြိုင်ဘက်တိုင်းလေးစားရတဲ့ ခံစစ်တန်းတစ်ခုဖြစ်လို့ပါခဲ့ပါတယ်။

တစ်ဖက်မှာလည်း AirPod ကို နားမှာတပ်၊ တက်ဘလက်တစ်လုံးကိုင်ပြီး ခံစစ်တန်းကို မပြတ်လမ်းညွှန်နေတဲ့ ခပ်ချောချောနယ်သာလန်သားကြီးကိုလည်း အာဆင်နယ်ပရိတ်သတ်တွေ စတင်သတိထားမိလာကြပါပြီ။

နယ်သာလန်ဂန္တဝင် လူးဝစ် ဗန်ဟားလ်ရဲ့ လက်ထောက်နည်းပြဖြစ်ခဲ့ဖူးတဲ့ စတွီဗင်ဘာ့ဂ်ဟာ အာဆင်နယ်အသင်းက လူငယ်နည်းပြ မီခယ် အာတီတာရဲ့ မရှိမဖြစ်လက်ထောက်နည်းပြဖြစ်ပြီး မီဂွယ် မိုလီနာ၊ စတိဗ် ရောင်းဒ်၊ အနာကီ ကာနာ၊ ကားလို့စ် ကူယက်စတာစတဲ့ ငယ်ရွယ်နုပျိုတဲ့ လက်ထောက်နည်းပြအစုအဖွဲ့ထဲမှာ အတွေ့အကြုံအရင့်ဆုံးသူဆိုလည်း မမှားပါဘူး။ ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့သူဟာ အာဆင်နယ်နည်းပြအဖွဲ့ထဲမှာ အသက်အကြီးဆုံးဖြစ်သလို အရေးအပါဆုံး လက်ထောက်နည်းပြလည်းဖြစ်ပါတယ်။

တကယ်တမ်းအားဖြင့် အာတီတာနဲ့ စတွီဗင်ဘာ့ဂ်တို့ဟာ ရင်းနှီးခဲ့တာအချိန်အတန်ကြာနေပြီဖြစ်ပါတယ်။ အာတီတာ အာဆင်နယ်ကစားသမားဘဝမှာကတည်းက နည်းပြ အာဆင်းဝင်းဂါးရဲ့ ထောက်ခံမှုနဲ့ UEFA A လိုင်စင် နည်းပြသင်တန်းတက်ခဲ့ပြီး အဲဒီအချိန်တုန်းက အာတီတာရဲ့ ဆရာဖြစ်သူ အိုဆင် ရောဘတ်က သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးခဲ့တာပါ။

အာတီတာအနေနဲ့ အဲဒီအချိန်ကတည်းက အယ်လ်ဘတ်နဲ့ လက်တွဲလုပ်ကိုင်ဖို့ စိတ်ကူးရှိနေခဲ့တာဖြစ်ပြီး အာဆင်နယ်ကို ကိုင်တွယ်ခွင့်ရချိန်မှာတော့ ဝေးလ်လက်ရွေးစင်အသင်း မှာ တာဝန်ယူနေတဲ့ သူ့ကို အမ်းမရိတ်ဆီ မရမက စည်းရုံးခေါ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့်လဲ အစောပိုင်းကာလတွေမှာ စတွီဗင်ဘာ့ဂ်တစ်ယောက် အာဆင်နယ်နဲ့ ဝေးလ်စ်တို့ကို မျှကိုင်ခဲ့ရပြီး ခုနှစ်ရာသီရောက်မှသာ ဂန်းနားတွေအတွက် အပြည့်အဝအာရုံစိုက်နိုင်ခဲ့တာပါ။

သူ အသင်းအပေါ် အပြည့်အဝအာရုံစိုက်လာနိုင်ချိန်နဲ့ အာဆင်နယ်အသင်းရဲ့ ခံစစ်ပိုင်း တမဟုတ်ချင်း တိုးတက်လာမှုဟာ တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ စတွီဗင်ဘာ့ဂ်ဟာ မနှစ်ကတည်းက စတင်အခြေတည်ထားခဲ့တဲ့ ခံစစ်တန်းကို ယူရိုပြိုင်ပွဲအပြီး အာဆင်နယ်နဲ့ အပြည့်အဝပူးပေါင်းခွင့်ရတဲ့ ယခုနှစ်မှာ အမိုက်စား Upgrade လုပ်ခဲ့တာဖြစ်ပါတယ်။ ခံစစ်အားသန်နည်းပြတစ်ဦးဖြစ်သလို ဗန်ဟားလ်လက်ထွက်ဖြစ်တာမို့ Total Football အခြေခံကိုလည်း ကျေညက်တဲ့ စတွီဗင်ဘာ့ဂ်ဟာ အာတီတာလိုချင်တဲ့ Playing Out From The Back ကစားကွက်နဲ့ ကိုက်ညီတဲ့ ခံစစ်တန်းမျိုးကို အတိအကျဖန်တီးပေးနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

ခုချိန်မှာတော့ စတွီဗင်ဘာ့ဂ်ဟာ အာတီတာရဲ့ သူ့အပေါ် ယုံကြည်မှုတွေကို အပြည့်အဝပြန်လည်ပေးဆပ်နိုင်ခဲ့ပြီဖြစ်ပြီး ရေရှည်မှာလည်း ခုထက်ပိုမိုမာကျောကျစ်လျစ်ပြီး နည်းဗျူဟာပိုင်းအရ flexible ဖြစ်ဖြစ် ကစားနိုင်တဲ့ အာဆင်နယ်ခံစစ်တန်းကို ဆက်လက်မြင်တွေ့ရဦးမှာပါ။

-မာဖီယိုဆို-

Leave a Reply