
အက်စတွန်ဗီလာနဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂါဘရီယယ် အဘွန်လဟော်က လက်စတာစီးတီးကွင်းလယ် ဖန်တီးရှင် ဂျိမ်းစ် မက်ဒီဆင်တစ်ယောက် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လိမ့်မယ်လို့ သူမထင်မိကြောင်း သုံးသပ်ပြောဆိုလိုက်ပါတယ်။
ကွင်းလယ်ဖန်တီးရှင်သစ် ရှာဖွေနေတဲ့ အာဆင်နယ်အသင်းဟာ တန်ကြေး ပေါင် သန်း ၆၀-၈၀ ကြား သတ်မှတ်ခံထားရတဲ့ လက်စတာစီးတီးကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ကာယကံရှင်ကိုယ်တိုင်ကလည်း အမ်းမရိတ်ကလပ်ရဲ့ ချဉ်းကပ်မှုကိုစိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမယ့်လည်း အဘွန်လဟော်ကတော့ မက်ဒီဆင်တစ်ယောက် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့စရာအကြောင်းမရှိဘူးလို့ သူ့ရဲ့ အမြင်ကို Football Insider နဲ့ အင်တာဗျူးမှာ ခုလိုမျိုး သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။
“ကျွန်တော်မြင်တာကို အရိုးသားဆုံး ပြောရမယ်ဆိုရင် ဒီအပြောင်းအရွှေ့က ဖြစ်လာမယ်မထင်ပါဘူး။ လက်စတာက ဥရောပဝင်ခွင့်ရထားတယ်၊ အာဆင်နယ်က မရထားဘူး။ လက်စတာက ထိပ်သီး ၆ သင်းဝင်ခဲ့တယ်။ အာဆင်နယ်က လွဲချော်ခဲ့တယ်။ လက်စတာက ဆုဖလားနဲ့ ရာသီသိမ်းခဲ့တယ်။ အာဆင်နယ်က ကျရှုံးခန်းကိုရောက်နေတယ်။ ဒါက ဖြစ်ပျက်ခဲ့သမျှကို ကျွန်တော် ပြန်ပြောတာပါ။ ခုချိန်မှာ လက်စတာကလည်း မြင့်မားတဲ့လုပ်ခလစာမျိုးပေးချေနိုင်စွမ်းလည်း ရှိနေပါတယ်။ ဒီတော့ ကျွန်တော် (လက်စတာဘက်ခြမ်းက) ကြားထားတာကို ပြန်ပြောရမယ်ဆိုရင် မက်ဒီဆင်အနေနဲ့ အဘက်ဘက်က အသာစီးရနေတဲ့ လက်စတာကို စွန့်ခွာဖို့ ခက်လိမ့်မယ်လို့ သူတို့ ယုံကြည်နေကြတာမဆန်းပါဘူး” လို့ အဘွန်လဟော်က ဆိုသွားပါတယ်။

ဒါ့အပြင် “သူတို့က အာဆင်နယ်ထက်တောင် ပိုပြီး လစာများများပေးနိုင်စွမ်း ရှိနေသလို ပိုမြင့်မားတဲ့အဆင့်မှာလည်း ရှိနေပါတယ်။ ကျွန်တော့်အမြင်အရဆိုရင်တော့ ဒီအပြောင်းအရွှေ့က ဖြစ်နိုင်ချေမရှိပါဘူး။ ဖြစ်လာမယ်ကို မထင်တာပါ” လို့လည်း သူကမှတ်ချက်ပြုသွားခဲ့ပါသေးတယ်။
အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် မက်ဒီဆင်ဟာ ယမန်နှစ်ရာသီတုန်းက လက်စတာအသင်းအတွက် ၄၂ ပွဲပါဝင်ကစားပေးခဲ့ပြီး ၁၁ ဂိုးသွင်းယူကာ ၆ ဂိုးဖန်တီးပေးနိုင်ခဲ့သူပါ။
Source: Football Insider