
[UNICODE]
အာဆင်နယ်အသင်းက ရာသီကုန်မှာ ရောင်းထုတ်တော့မယ်လို့ သတင်းတွေကြီးနေတဲ့ လူငယ်ကြယ်ပွင့် မက်တီယို ဂွမ်ဒူဇီရဲ့ သတင်းတွေဟာ သတင်းမှားတွေသာဖြစ်ပြီး ဂန်းနားတွေဟာ ပြင်သစ်ကြယ်ပွင့်ကို အသင်းမှာသာ ဆက်လက်ထိမ်းသိမ်းသွားမှာဖြစ်တယ်လို့ BILD နဲ့ Express သတင်းဌာနတွေက ဖော်ပြလိုက်ကြပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်လူ မက်တီယို ဂွမ်ဒူဇီဟာ ယမန်နှစ်ရာသီတုန်းက စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် အသင်းရဲ့ လူစာရင်းကနေ ဖယ်ရှားခံခဲ့ရသလို ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း ဂျာမနီကလပ် ဟာသာဘာလင်အသင်းထံကို အငှားချခြင်းခံခဲ့ရသူဖြစ်ပါတယ်။

ဂွမ်ဒူဇီဟာ ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပေမယ့် စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာတစ်ချို့ထပ်မံဖြစ်ပေါ်ခဲ့တာကြောင့် အာဆင်နယ်အသင်းက ရာသီကုန်မှာ ရောင်းထုတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ ထွက်ပေါ်လာခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း ဂျာမန်မီဒီယာ BILD နဲ့ ဗြိတိန်မီဒီယာ Express တို့ကတော့ ဂွမ်ဒူဇီအနေနဲ့ ရာသီကုန်ချိန်မှာ အာဆင်နယ်အသင်းထံကိုသာ ပြန်ရမှာဖြစ်ပြီး အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာ သူတို့ရဲ့ ကွင်းလယ်ကြယ်ပွင့်လေးကို အမ်းမရိတ်ထံ ပြန်လည်ခေါ်ယူသွားမှာဖြစ်တယ်လို့ အခိုင်အမာဖော်ပြသွားပါတယ်။

အာဆင်နယ်အသင်းဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ ဂွမ်ဒူဇီကို ဟာသာဘာလင်အသင်းထံ အပြီးအပြတ်ရောင်းထုတ်ဖို့ စီစဉ်ခဲ့သေးပေမယ့် အဆင်မပြေဖြစ်ခဲ့ပြီးတဲ့နောက်မှာ ခုလိုမျိုး ပြောင်းလဲစီစဉ်လာတာလို့ သတင်းတွေမှာဖော်ပြထားပါတယ်။
ကာယကံရှင် ဂွမ်ဒူဇီကိုယ်တိုင်ကလည်း နည်းပြအာတီတာရဲ့လက်အောက်မှာ ပြန်လည်ကစားလိုကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပြုလုပ်ခဲ့တဲ့ France Football နဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုထားပြီး အာဆင်နယ်ဂျာစီကို ပြန်ဝတ်ဆင်ခွင့်ရလိုတယ်လို့ ဆိုထားပါတယ်။
Source: BILD, Express
[ZAWGYI]
အာဆင္နယ္အသင္းက ရာသီကုန္မွာ ေရာင္းထုတ္ေတာ့မယ္လုိ႔ သတင္းေတြၾကီးေနတဲ့ လူငယ္ၾကယ္ပြင့္ မက္တီယို ဂြမ္ဒူဇီရဲ႕ သတင္းေတြဟာ သတင္းမွားေတြသာျဖစ္ျပီး ဂန္းနားေတြဟာ ျပင္သစ္ၾကယ္ပြင့္ကို အသင္းမွာသာ ဆက္လက္ထိမ္းသိမ္းသြားမွာျဖစ္တယ္လို႔ BILD နဲ႔ Express သတင္းဌာနေတြက ေဖာ္ျပလိုက္ၾကပါတယ္။
အသက္ ၂၁ ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ ကြင္းလယ္လူ မက္တီယို ဂြမ္ဒူဇီဟာ ယမန္ႏွစ္ရာသီတုန္းက စည္းကမ္းပိုင္းဆုိင္ရာ ျပႆနာေတြေၾကာင့္ အသင္းရဲ႕ လူစာရင္းကေန ဖယ္ရွားခံခဲ့ရသလို ျပီးခဲ့တဲ့ေႏြရာသီတုန္းကလည္း ဂ်ာမနီကလပ္ ဟာသာဘာလင္အသင္းထံကို အငွားခ်ျခင္းခံခဲ့ရသူျဖစ္ပါတယ္။

ဂြမ္ဒူဇီဟာ ဘြန္ဒက္စ္လီဂါမွာ ေျခစြမ္းေကာင္းျပသႏုိင္ခဲ့ေပမယ့္ စည္းကမ္းပိုင္းဆုိင္ရာ ျပႆနာတစ္ခ်ိဳ႕ထပ္မံျဖစ္ေပၚခဲ့တာေၾကာင့္ အာဆင္နယ္အသင္းက ရာသီကုန္မွာ ေရာင္းထုတ္ဖို႔ စီစဥ္ေနတယ္ဆိုတဲ့ သတင္းေတြ ျပီးခဲ့တဲ့ ေဖေဖာ္ဝါရီလအတြင္းမွာ ထြက္ေပၚလာခဲ့ပါေသးတယ္။
ဒါေပမယ့္လည္း ဂ်ာမန္မီဒီယာ BILD နဲ႔ ျဗိတိန္မီဒီယာ Express တို႔ကေတာ့ ဂြမ္ဒူဇီအေနနဲ႔ ရာသီကုန္ခ်ိန္မွာ အာဆင္နယ္အသင္းထံကိုသာ ျပန္ရမွာျဖစ္ျပီး အာဆင္နယ္အသင္းတာဝန္ရွိသူေတြဟာ သူတို႔ရဲ႕ ကြင္းလယ္ၾကယ္ပြင့္ေလးကို အမ္းမရိတ္ထံ ျပန္လည္ေခၚယူသြားမွာျဖစ္တယ္လို႔ အခုိင္အမာေဖာ္ျပသြားပါတယ္။

အာဆင္နယ္အသင္းဟာ အာဆင္နယ္အသင္းနဲ႔ ၂၀၂၂ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနေသးတဲ့ ဂြမ္ဒူဇီကို ဟာသာဘာလင္အသင္းထံ အျပီးအျပတ္ေရာင္းထုတ္ဖို႔ စီစဥ္ခဲ့ေသးေပမယ့္ အဆင္မေျပျဖစ္ခဲ့ျပီးတဲ့ေနာက္မွာ ခုလိုမ်ိဳး ေျပာင္းလဲစီစဥ္လာတာလုိ႔ သတင္းေတြမွာေဖာ္ျပထားပါတယ္။
ကာယကံရွင္ ဂြမ္ဒူဇီကိုယ္တုိင္ကလည္း နည္းျပအာတီတာရဲ႕လက္ေအာက္မွာ ျပန္လည္ကစားလိုေၾကာင့္ ျပီးခဲ့တဲ့ရက္ပိုင္းအတြင္းကျပဳလုပ္ခဲ့တဲ့ France Football နဲ႔ အင္တာဗ်ဴးမွာ ထုတ္ေဖာ္ေျပာဆိုထားျပီး အာဆင္နယ္ဂ်ာစီကို ျပန္ဝတ္ဆင္ခြင့္ရလိုတယ္လုိ႔ ဆိုထားပါတယ္။
Source: BILD, Express