
အာဆင်နယ်အသင်းကို ပြောင်းရွှေ့ရောက်ရှိလာပြီဖြစ်တဲ့ ပေါ်တူဂီ ဘယ်နောက်ခံလူ နူနို တာဗာရက်စ်က သူ့အနေနဲ့ အာဆင်နယ်မှာ တွဲဖက်ကစားရတော့မယ့် ကစားသမားတွေထဲမှာ အီမီလီ စမစ်-ရိုးကို အနှစ်သက်ဆုံးဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ယမန်နှစ်တုန်းက ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ရင်ဆိုင်ခဲ့ဖူးတာကြောင့် စမစ်-ရိုးရဲ့ အရည်အချင်းနဲ့ စွမ်းဆောင်ရည်တွေကို သိနားလည်ထားကြောင်း သူကဆိုခဲ့ပြီး အလွန်ကောင်းတဲ့ကစားသမားဖြစ်တယ်လို့လည်း အသင်းနဲ့ ပထမဆုံး အင်တာဗျူးမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

“ခုချိန်မှာ ကျွန်တော်က စမစ်-ရိုးကို သဘောကျပါတယ်။ ကျွန်တော်တို့က မျိုးဆက်ခြင်းတူကြတယ်မဟုတ်လား။ သူနဲ့ ကျွန်တော် ရင်ဆိုင်ဖူးပါတယ်။ တကယ် ရင်ဆိုင်ရခက်တဲ့သူပါ။ ခုဆို တစ်သင်းတည်းဖြစ်လာပါပြီ။ သူက ညာခြမ်းအားပြုကစားပြီး ကျွန်တော်က ဘယ်ခြမ်းအားပြုကစားပါတယ်။ သူက ကစားသမားကောင်းတစ်ယောက်ပါ” လို့ တာဗာရက်စ်က ဆိုခဲ့ပါတယ်။
ဒါ့အပြင် တခြားအသင်းဖော်တစ်ဦးဖြစ်တဲ့ ဘူကာယို ဆာကာနဲ့ တချိန်က ဂန္တဝင်တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီတို့ကိုလည်း နှစ်ခြိုက်သဘောကျကြောင်း သူကဆိုခဲ့ပါသေးတယ်။

“နောက်ပြီး ဆာကာလည်း အတူတူပါပဲ။ တကယ်တော်တဲ့ကောင်းတဲ့ လူငယ်ကစားသမားတွေထဲက တစ်ယောက်ပါ။ အရင်တုန်းက ဂန္တဝင်တွေထဲကဆိုရင်တော့ သီယာရီ အွန်နရီကို သဘောကျပါတယ်။ သူက အရမ်းကောင်းတဲ့ကစားသမားဖြစ်သလို သူ့ဇာတ်လမ်းတွေက ကျွန်တော်တို့ ခေတ်အထိ အမှတ်ရစရာတွေချည်းပါပဲ” လို့ သူက ပြောသွားပါတယ်။
အသက် ၂၀ နှစ်အရွယ် ဘယ်နောက်ခံလူဟာ အာဆင်နယ်အသင်းရဲ့ လူငယ်စီမံကိန်းတွေကို ယုံကြည်တာကြောင့် ခုလို အသင်းပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပွဲထွက်ခွင့်အတွက်တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုသွားပါတယ်။
Source: Arsenal