
ဂန္တဝင် အသင်းခေါင်းဆောင်ဟောင်း တိုနီ အဒမ်စ်က အာဆင်နယ်အသင်းမှာ ကွင်းလယ်ဖန်တီးရှင် အီမီလီ စမစ်-ရိုးဟာ တောင်ပံလူ ဘူကာယို ဆာကာထက်ပိုပြီး အရေးပါတဲ့ ကစားသမားဖြစ်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။
အဒမ်စ်ကတော့ အဆိုပါ ကစားသမား ၂ ဦးလုံးဟာ အာဆင်နယ်အသင်းအတွက် အရေးပါတဲ့ ဒေါက်တိုင်ကစားသမားတွေဖြစ်ကြပေမယ့် စမစ်-ရိုက အာဆင်နယ်အသင်းရဲ့ ကစားကွက်ကို ဖန်တီးတည်ဆောက်တဲ့အပိုင်းမှာ ပိုပြီး အဓိကကျတဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ သုံးသပ်ခဲ့တာပါ။

“၂ ယောက်လုံး အရမ်းကောင်းပါတယ်” လို့ ဂန္တဝင်ကြီးက Sky Sports ကို ပြောခဲ့ပါတယ်။ “ဒါပေမယ့် အရိုးသားဆုံးပြောရရင် အီမီလီက ဘူကာယိုထက်ပိုပြီး အရေးပါတယ်လို့ ခံစားရပါတယ်။ နည်းစနစ်ပိုင်းအရဆိုရင် အီမီလီက ပိုအရေးပါတာကြောင့်ပါ။ သူက ဘားကမ့်လိုကစားပြနေတာပါ။ တစ်ချက်ထိကစားတဲ့နေရာမှာ သိပ်ကို သိသာပါတယ်။ ဘားကမ့်ပ်က ကွင်းရှေ့မှာ ရုပ်ထုတောင်ထုပြီး ဂုဏ်ပြုခံံထားရတဲ့သူဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော် ဒီကလေးကို ဘားကမ့်ပ်နဲ့ တန်းညှိတာမဟုတ်ပါဘူး။ သူ ဒီလိုကစားပြနေတယ်ဆိုတာကို ပြောချင်တာပါ” လို့ အဒမ်စ်က မှတ်ချက်ပြုခဲ့တာပါ။
လက်ရှိအချိန်မှာ အာဆင်နယ်အသင်းကို ဦးဆောင်ထမ်းပိုးပေးနေတဲ့ ဘူကာယို ဆာကာနဲ့ အီမီလီ စမစ်-ရိုးတို့ဟာ အသက် ၂၁ နှစ်ဝန်းကျင်သာရှိသေးပြီး လူငယ်တွေ ခုလိုမျိုး တာဝန်ကြီးကြီးထမ်းနေရတာကို သဘောမကျဘူးလို့လည်း အဒမ်စ်က ပြောခဲ့ပါသေးတယ်။

“အီမီလီက ဘောလုံးကို ဉာဏ်ရည်ဉာဏ်သွေးနဲ့ ကစားတာပါ။ သူက ဘောလုံးရသွားရင် နေရာလွတ်ကို ခပ်မြန်မြန်အရင်ရှာပြီး လွတ်လွတ်လပ်လပ်ကစားတာပါ။ တစ်ချက်ထိ ကစားတဲ့အရည်အသွေးကလည်း အံ့မခန်းပါပဲ။ ဆာကာကလည်း ကစားသမားကောင်းလေးပါ။ ရိုးအေးပြီး ချစ်စရာကောင်လေးပါ။ ဒါပေမယ့် ဒီလူငယ်တွေက အသင်းကို ဦးဆောင်ထမ်းပိုးနေရတာကိုတော့ ကျွန်တော် အရမ်းသဘောမကျပါဘူး” လို့လည်း သူကဆိုသွားပါတယ်။
ယခုနှစ်ရာသီမှာ စမစ်-ရိုးက အသင်းအတွက် ၆ ပွဲကစား ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးပေးထားပြီးတော့ ဆာကာကလည်း အသင်းအတွက် ၆ ပွဲကစား ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးပေးထားပါတယ်။
Source: Metro, Sky Sports