
အာဆင်နယ်အသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ ကွင်းလယ်လူဟောင်း ဂျက် ဝီလ်ရှီးယားကို ပြန်လည်ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ စပိန်သတင်းဌာန Fichajes ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Sport Mole က ဖော်ပြခဲ့ပါတယ်။
မက်တီယို ဂွမ်ဒူဇီကို အငှားချထားပြီး လူးကပ် တော်ရဲယား၊ အိန်းစလေ မိတ်လန်း-နိုင်းလ်စ်နဲ့ ဂရာနစ် ရှာခါတို့ကိုလည်း ရောင်းထုတ်တော့မယ့် အာဆင်နယ်အသင်းဟာ သူတို့နေရာမှာ အစားထိုးဖို့ ကွင်းလယ်စားသမားသစ်တွေ ရှာဖွေနေတဲ့ အသင်းဖြစ်ပြီး ရူဘင် နီးဗက်စ်၊ ဒန်းနစ် ဇာကားရီးယား၊ ဆန်ဒါ ဘာ့ဂျ်၊ ဘရူနို ဂွီမာရေးစ်အစရှိတဲ့ ကွင်းလယ်လူတွေကို ပစ်မှတ်ထားနေတဲ့အသင်းဖြစ်ပါတယ်။

ဂန်းနားတွေအနေနဲ့ ခုလိုမျိုး ကွင်းလယ်လူသစ် ရှာဖွေနေရင်း အသင်းနဲ့ ၂၀၁၈ ခုနှစ်တုန်းက လမ်းခွဲခဲ့တဲ့ အင်္ဂလိပ်ကွင်းလယ်လူ ဂျက် ဝီလ်ရှီးယားကို ပြန်လည်မျက်စိကျလာတာဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဝီလ်ရှီးယားဟာ ၂၀၁၈ ခုနှစ်မှာ အာဆင်နယ်နဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက် ဝက်စ်ဟမ်းအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ယမန်နှစ်ရာသီတုန်းကတော့ ဝက်စ်ဟမ်းအသင်းရဲ့ စာချုပ်ဖျက်သိမ်းခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ချန်ပီယံရှစ်ကလပ် ဘုန်းမောက်သ်ထံ ရာသီဝက်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ခုချိန်မှာတော့ အသင်းလက်မဲ့ဖြစ်နေသူပါ။

အာဆင်နယ်အသင်းအတွက် ၁၉၇ ပွဲပါဝင်ကစားပေးခဲ့ပြီး ၁၄ ဂိုးသွင်းယူပေးခဲ့တဲ့ ဂျက် ဝီလ်ရှီးယားဟာ လက်တလောမှာ ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေပြီး အဆိုပါအသင်းက အပြီးသတ်ခေါ်ယူဖို့ အကဲဖြတ်နေပါတယ်။ ခုချိန်မှာတော့ ကွင်းလယ်လူ လိုအပ်ချက်မြင့်မားနေတဲ့ အာဆင်နယ်အသင်းက ဝီလ်ရှီးယားကို အလွတ်စာချုပ်နဲ့ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားမှုပြသလာနေပြီး အဆိုပါ အင်္ဂလိပ်ကွင်းလယ်လူရဲ့ ကြံ့ခိုင်မှုနဲ့ ဒါဏ်ရာအခြေအနေတွေကို စုံစမ်းနေတယ်လို့ သိထားရပါတယ်။
အာဆင်နယ်အသင်းဟာ ဝီလ်ရှီးယားအပြင် လက်ရှိ ယူဗင်တပ်အသင်းမှာ ကစားနေတဲ့ ကွင်းလယ်လူဟောင်း အာရွမ် ရမ်ဆေးကိုလည်း ပြန်လည်ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Source: Fichajes, Metro, Sport Mole