အာဆင်နယ်ရဲ့ ရွှေ့ကွက်ကြောင့် စိတ်ဝင်စားစရာကောင်းလာတဲ့ တမ်မီ အေဗရာဟမ်လုပွဲ

အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်းက အင်္ဂလန်တိုက်စစ်မှူး တင်မီ အေဗရာဟမ်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီချက် ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက ဒီကနေ့မနက်မှာပဲ ဖော်ပြလာခဲ့ကြပါတယ်။

၂၃ နှစ်အရွယ် တိုက်စစ်မှူးကို ခေါ်ယူဖို့ အာဆင်နယ်အသင်းအပြင် ဝက်စ်ဟမ်း၊ ဆောက်သမ်တန်၊ အက်စတွန်ဗီလာ၊ အတ္တလန်တာနဲ့ ရိုးမားတို့ကလည်း အပြိုင်ကြိုးပမ်းနေကြပြီး ချယ်လ်ဆီး နည်းပြဟောင်း ဂျိုဇီ မော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမားအသင်းဟာ အဆိုပါကစားသမားကို ပေါင် သန်း ၃၄ နဲ့ ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီချက် ရရှိထားကြောင်းလည်း ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေ ထွက်ပေါ်ထားပါတယ်။

ဒါကြောင့် အေဗရာဟမ် လုပွဲမှာ အာဆင်နယ်အသင်းက ကာယကံရှင်ကို အပိုင်စည်းရုံးနိုင်ခဲ့ပြီဖြစ်ပြီး ရိုးမားအသင်းကတော့ ချယ်လ်ဆီးကို ချုပ်ကိုင်နိုင်ခဲ့ပြီလို့ မီဒီယာတွေက သုံးသပ်ခဲ့ကြပြီး စိတ်ဝင်စားစရာ ဇာတ်ရှိန်အမြင့်ဆုံး အပိုင်းကို ရောက်လာခဲ့ပြီဖြစ်တယ်လို့ ဖော်ပြနေကြပါတယ်။

ချယ်လ်ဆီးအသင်းကတော့ အင်တာမီလန်တိုက်စစ်မှူး ရိုမီလူ လူကာကူကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တာကြောင့် အေဗရာဟမ်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး အာဆင်နယ်အသင်းသာ ရိုးမားထက်ပိုမိုများပြားတဲ့ တန်ကြေးမျိုးနဲ့ ကမ်းလှမ်းနိုင်မယ်ဆိုရင် အင်္ဂလိပ်ကြယ်ပွင့်ကို အမ်းမရိတ်ဆီ ခေါ်ဆောင်နိုင်မယ့် အခွင့်အလမ်းရလာနိုင်ပါတယ်။

အာဆင်နယ်အသင်းကတော့ အဓိက တိုက်စစ်ပစ်မှတ် လော်တာရို မာတီနက်ဇ်ကို ခေါ်ယူနိုင်ဖို့ အခွင့်အလမ်းနည်းပါးလာတာကြောင့် အေဗရာဟမ်ကို ခေါ်ယူနိုင်ရေး ပိုမိုပြီးအရှိန်မြှင့်တင်ကြိုးပမ်းလာနေပါတယ်။ ဒါပေမယ့်လည်း ဂန်းနားတွေအနေနဲ့ အေဗရာဟမ်ကို မခေါ်ယူခင် တိုက်စစ်မှူးတစ်ဦးကို ရောင်းထုတ်ဖို့ လိုအပ်နေတာမို့ အင်္ဂလန်သားအတွက် ချယ်လ်ဆီးထံ အချိန်မှီ ကမ်းလှမ်းမှုပြုလုပ်နိုင်ပါ့မလားဆိုတာက အဓိက မေးခွန်းတစ်ရပ်ဖြစ်ပါတယ်။

ကာယကံရှင် အေဗရာဟမ်ကတော့ အာဆင်နယ်အသင်းကို အားပေးတဲ့ အမာခံပရိတ်သတ်တစ်ဦးဖြစ်တာကြောင့် ဂန်းနားတွေ ချဉ်းကပ်လာချိန်မှာ ကမ်းလှမ်းချက်ကို ချက်ခြင်းလက်ခံခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းသာ ချယ်လ်ဆီးအသင်း စိတ်ဝင်စားလောက်မယ့် ကမ်းလှမ်းမှုမျိုးကို အလျှင်အမြန်ပြုလုပ်နိုင်မယ်ဆိုရင် လာမယ့်ရာသီသစ်မှာ အေဗရာဟမ်ကို အာဆင်နယ်ဂျာစီနဲ့ တွေ့မြင်ရနိုင်ခြေများပါတယ်။

Source: Sky Sports, Mirror

Leave a Reply