အာဆင်နယ်လူစာရင်းက တောင့်တင်းနေပြီလို့ အာဆင်းဝင်းဂါးပြော

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်း အာဆင်းဝင်းဂါးက အသင်းဟောင်းအနေနဲ့ လက်တလောမှာ ရလဒ်ပိုင်းယိမ်းယိုင်နေပေမယ့် တောင့်တင်းတဲ့လူစာရင်းကို ပိုင်ဆိုင်နေပြီဖြစ်တာမို့ မကြာခင်မှာ ရလဒ်ကောင်းတွေ ပြန်လည်ရှာဖွေနိုင်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

လက်ရှိအသင်းရဲ့ လူစာရင်းဟာတောင့်တင်းနေပြီဖြစ်ပြီး ဒါဏ်ရာပြဿနာတွေကြောင့်သာ ယာယီရလဒ်ဆိုးရွားနေတာဖြစ်တယ်လို့ ဆိုသွားခဲ့ပြီး တည်ငြိမ်မှုရလာတာနဲ့အမျှ ရလဒ်တွေပြန်ကောင်းလာလိမ့်မယ်လို့ သူက BILD နဲ့ အင်တာဗျူးမှာ ပြောဆိုသွားပါတယ်။

အာဆင်နယ်အသင်းဟာ လက်တလောမှာ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ် ၃ ပွဲဆက်တိုက် ရှုံးပွဲကြုံထားရပြီး နည်းပြဖြစ်သူ မီခယ် အာတီတာအနေနဲ့လည်း ရာထူးကနေထုတ်ပါယ်ခံရတော့မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာပါ။

ဒါပေမယ့်လည်း အာဆင်းကတော့ အသင်းဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာလိမ့်မယ်လို့ ယုံကြည်နေတာပါ။ “လက်ရှိအသင်းက ကောင်းမွန်တဲ့စုဖွဲ့မှုကို ပိုင်ဆိုင်နေပါပြီ။ သူတို့ ခက်ခဲတဲ့ ပွဲစဉ် ၂ ပွဲကို ကစားခဲ့ရပါတယ်။ ဒါပေမယ့် အသင်းမှာ အလားအလာကောင်းတွေရှိနေဆဲဖြစ်သလို သူတို့ ပြန်လာနိုင်ဖို့လည်း ကျွန်တော် မျှော်လင့်ပါတယ်” လို့ အာဆင်းက BILD LIVE ကို ပြောဆိုခဲ့ပါတယ်။

အသင်းကို ၂၂ နှစ်ကြာ ကိုင်တွယ်ပေးခဲ့တဲ့ ပြင်သစ်သားကြီးက နည်းပြအာတီတာရဲ့နေရာကို ယာယီအစားဝင်ဖွယ်ရှိနေတယ်ဆိုတဲ့ သတင်းတွေကိုလည်း ခုလိုမျိုး ပြန်လည်တုန့်ပြန်သွားခဲ့ပါသေးတယ်။ “ကျွန်တော့်အသက်က ၇၁ နှစ်ရှိနေပါပြီ။ ကျွန်တော်အသင်းအတွက် အကောင်းဆုံးတွေကို နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့ပြီးပါပြီ။ ခုချိန်မှာတော့ ကျွန်တော်က ပရိတ်သတ်တစ်ယောက် သက်သက်ပါပဲ” လို့ သူကဆိုခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ အာဆင်နယ်အသင်းနဲ့လမ်းခွဲခဲ့တဲ့ အာဆင်းဝင်းဂါးဟာ လက်တလောမှာတော့ ဖီဖာရဲ့ ဘောလုံးဖွံ့ဖြိုးရေးဌာနမှာ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

Source: Metro

Leave a Reply