အာဆင်နယ်အသင်းက မက်ဒီဆင်အစား မာတင် အိုဒီဂတ်ကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းအရင်း ၄ ချက်

ကွင်းလယ်တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ စီစဉ်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့ရာသီတစ်လျှောက်လုံး လက်စတာအသင်းက ဂျိမ်းစ် မက်ဒီဆင်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းက မာတင် အိုဒီဂတ်ထဲက တစ်ဦးကို ခေါ်ယူနိုင်ဖို့ အပြင်းအထန်ကြိုးပမ်းခဲ့တာပါ။

ဂန်းနားတွေဟာ အစောပိုင်းတုန်းက မက်ဒီဆင်ကို ခေါ်ယူနိုင်ဖို့ ပိုမိုအားထည့်ကြိုးပမ်းခဲ့ပေမယ့် အိုဒီဂတ်နဲ့ ရီးရဲလ်တို့ ဆက်ဆံရေး ဆိုးရွားလာပြီးနောက်ပိုင်းမှာတော့ နော်ဝေသားဘက်ကို အာရုံပိုစိုက်ခဲ့ပြီး ခုချိန်မှာတော့ ပေါင် သန်း ၃၀ နဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်းက မာတင် အိုဒီဂတ်ကို ဘာကြောင့် ခေါ်ယူခဲ့တာလဲဆိုတာကို နည်းပြဖြစ်သူ မီခယ် အာတီတာက “သူက ပြီးခဲ့တဲ့ရာသီတုန်းကလည်း ကျွန်တော်တို့အတွက် အများကြီး စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။ သူ့က အသင်းရဲ့ ကစားပုံပိုကောင်းလာအောင် ကူညီနိုင်သလို ရွေးချယ်စရာပိုများလာအောင်၊ အပြောင်းအလဲတွေ ပိုလုပ်နိုင်အောင်၊ ဖန်တီးမှုတွေ ပိုတိုးတက်လာအောင် ကူညီနိုင်ပါတယ်။ ဒီအချက်တွေက အသင်းတစ်သင်းရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အများကြီးသက်ရောက်မှုရှိပါတယ်။ သူက ငယ်သေးပေမယ့် အတွေ့အကြုံများတဲ့သူပါ။ သူ့ရဲ့ ပင်ကိုယ်ပါရမီကို အခြေခံပြီး ကြိုးစားအားထုတ်မှုကောင်းတဲ့ကစားဟန်က သူ့ကို အပြီးသတ်ခေါ်ယူဖြစ်စေဖို့ အဓိက တွန်းအားဖြစ်ပါတယ်” လို့ ပြောဆိုထားပါတယ်။

ဒါပေမယ့်လည်း တကယ့်အကြောင်းတရားတွေက အာတီတာပြောဆိုခဲ့တာတွေလောက် ရိုးစင်းမှုမရှိပါဘူး။ အာဆင်နယ်အသင်းက ဂျိမ်းစ် မက်ဒီဆင်အစား မာတင် အိုဒီဂတ်ကို ခေါ်ယူသွားရတဲ့အဓိက အကြောင်းအရင်း ၄ ချက်ကို အောက်ပါအတိုင်း သုံးသပ်ဖော်ပြပေးချင်ပါတယ်။

တန်ကြေး (သို့) ပြိုင်ဘက်ကို ဓားရိုးမကမ်းလိုခြင်း – အာဆင်နယ်က မက်ဒီဆင်အစား အိုဒီဂတ်ကို ခေါ်ယူရတဲ့ အချက်တွေထဲမှာ အဓိကအကျဆုံးအချက်က တန်ကြေးဖြစ်ပါတယ်။ တန်ကြေးလို့ဆိုရတဲ့အချက်က ဒီလိုပါ။ မက်ဒီဆင်အတွက် လက်စတာက ပေါင် သန်း ၇၀ နဲ့အထက် တောင်းဆိုထားတာဖြစ်ပြီး အိုဒီဂတ်ကို အာဆင်နယ်က ခေါ်ယူခဲ့တာက ပေါင် သန်း ၃၀ တည်းနဲ့ပါ။ ဈေးနှုန်းပိုမိုသက်သာရုံတစ်ချက်တည်းနဲ့ ခုလိုခေါ်ယူခဲ့တာမဟုတ်ပါဘူး။ လက်ရှိအာဆင်နယ်အသင်းရဲ့ ငွေကြေးသုံးစွဲမှုပုံစံက မက်ဒီဆင်ကို ခေါ်ယူနိုင်စွမ်း အပြည့်အဝရှိပါတယ်။ ဒါပေမယ့် ပေါင် သန်း ၇၀ ကို တိုက်ရိုက်ပြိုင်ဘက်ဖြစ်တဲ့ လက်စတာထံ ထည့်မပေးချင်တာက မက်ဒီဆင်ကို လက်ရှောင်ပြီး အိုဒီဂတ်ကို ခေါ်ယူဖို့အတွက် အရေးပါတဲ့ အကြောင်းပြချက်ဖြစ်လာခဲ့ပါတယ်။

ဖန်တီးနိုင်စွမ်း မြင့်မားခြင်း – အိုဒီဂတ်ဟာ အခွင့်အရေး ဖန်တီးနိုင်စွမ်း မြင့်မားတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ အာဆင်နယ်အသင်းလိုအပ်နေတဲ့ ကစားသမားမျိုးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အခွင့်အရေးဖန်တီးတယ်ဆိုရာမှာ အိုဒီဂတ်ဟာ အာဆင်နယ်ပရိတ်သတ်တစ်ချို့ မျှော်လင့်ထားသလိုမျိုး ဂိုးဖန်တီးတွေ အကြိမ်ကြိမ်လုပ်၊ ကိုယ်တိုင်ဂိုးတွေ တစ်ဒိုင်းဒိုင်းသွင်းတဲ့ ကစားဟန်မျိုးနဲ့ကစားသမား မဟုတ်တာကို နားလည်ထားဖို့တော့လိုပါလိမ့်မယ်။ နော်ဝေသားဟာ နည်းဗျူဟာပိုင်း အားပြုကစားတဲ့ကစားသမားမျိုးဖြစ်ပြီး တိုက်ရိုက်ဂိုးဖန်တီးမှုတွေထက် အသင်းဖော်တွေ နေရာလွတ်တွေပိုရအောင် Space ရှာပေးပြီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတဲ့ ကစားသမားမျိုးပါ။ ဒါကြောင့်လည်း ယမန်နှစ်ရာသီဝက်တုန်းက အိုဒီဂတ်ရဲ့ ဂိုးဖန်တီးမှု ကြိမ်ရေက ၂ ကြိမ်သာရှိခဲ့ပေမယ့် အာဆင်နယ်အသင်းရဲ့ ဒုတိယရာသီဝက်မှာ ရရှိခဲ့တဲ့ သွင်းဂိုးတွေရဲ့ ၃ ပုံ ၁ ပုံလောက်ကို အိုဒီဂတ်က Pre-assist လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီလိုပြောလို့ အိုဒီဂတ်က အခွင့်အရေး တိုက်ရိုက်ဖန်တီးတာမျိုး မလုပ်ဘူးလားလို့ မေးလာခဲ့ရင် လုပ်ပါတယ်။ သူက တစ်ပွဲကို ပျမ်းမျှ ၄.၃၉ ကြိမ်လောက် အခွင့်အရေးဖန်တီးပေးလေ့ရှိသူပါ။ သူ Assist တွေ နည်းရတဲ့အကြောင်းအရင်းမှာ တိုက်စစ်ကစားသမားတွေရဲ့ အသုံးချနိုင်စွမ်းပေါ်လည်း မူတည်နေပါတယ်။

နည်းစနစ်ပိုင်းအရ အံဝင်ခွင်ကျရှိခြင်း – အိုဒီဂတ်ဟာ ပြီးခဲ့တဲ့ရာသီဝက်တုန်းက အာဆင်နယ်အသင်းထံ စတင်ရောက်ရှိလာပြီးပြီးချင်းမှာပဲ အသင်းအတွက် စတင်ပါဝင်ကစားပေးခဲ့ပြီး အဲဒီအချိန်ကတည်းကနေစပြီး ရာသီကုန်ချိန်အထိ Line-up ဝင်ခဲ့ပါတယ်။ ဒါက သူ့ရဲ့ နည်းစနစ်ပိုင်းနဲ့ နည်းဗျူဟာပိုင်း အရည်အသွေး ဘယ်လောက်ကောင်းမွန်လဲဆိုတာကို သက်သေပြနေတဲ့အချက်ပါ။ နွေရာသီတစ်လျှောက်လုံး အာတီတာရဲ့ ပထမဦးစားပေးပစ်မှတ် ဖြစ်နေခဲ့တာကလည်း ဒီလို နည်းစနစ်တိုင်းမှာ အံဝင်ခွင်ကျကစားနိုင်စွမ်းကြောင့်ပါပဲ။ ရီးရဲလ်က အစောပိုင်းကာလတွေမှာ ရောင်းချဖို့ ငြင်းဆန်ခဲ့တာကြောင့်သာ အာဆင်နယ်အသင်းက မက်ဒီဆင်ဘက်ကို မြှားဦးလှည့်သွားခဲ့တာပါ။ အိုဒီဂတ်ဟာ ၄ ယောက်တန်း၊ ၅ ယောက်တန်း ကွင်းလယ်ပုံစံမျိုးစုံမှာ ကစားနိုင်သလို Traditional No.10 role အဖြစ်ရော ကွင်းလယ်ဗဟိုက No.8 role အဖြစ်ပါ အလျှဉ်းသင့်သလို ပြောင်းလဲ ကစားနိုင်ပါတယ်။

စမစ်-ရိုးနှင့် တွဲဖက်ညီညီကစားနိုင်ခြင်း – အီမီလီ စမစ်-ရိုးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေစတင်ပြီး အာဆင်နယ်အသင်းအတွက် အရေးပါတဲ့ကစားသမားဖြစ်လာပါတယ်။ အာဆင်နယ်အသင်းဟာ ဇန်နဝါရီလမှာ မာတင် အိုဒီဂတ်ကို အငှားခေါ်ယူခဲ့တာမို့ ကွင်းလယ်တိုက်စစ်ကစားသမား ၂ ဦးမှာ တစ်ဦးနေရာပျောက်လိမ့်မယ်လို့ ယူဆခဲ့ကြတာပါ။ ဒါပေမယ့် နည်းပြအာတီတာဟာ သူတို့ ၂ ဦးလုံးကို လူစာရင်းတစ်ခုတည်းမှာ ထည့်သွင်းအသုံးချပြခဲ့ပြီး အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားကွက်နဲ့ တိုက်စစ်စွမ်းဆောင်ရည်လည်း တိုးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ ဒုတိယရာသီဝက်စွမ်းဆောင်ရည်ကိုချည်း တွက်ချက်မယ်ဆိုရင် အာဆင်နယ်ထက်ပိုပြီး ရမှတ်စုဆောင်းနိုင်တဲ့အသင်းဆိုလို့ မန်စီးတီးသာရှိပါတော့တယ်။ အာဆင်နယ်အသင်းသာ ပထမရာသီဝက်မှာ အတော်လေးစုတ်စုတ်ပြတ်ပြတ်မဖြစ်ခဲ့ရင် ဥရောပဝင်ခွင့်သေချာပေါက် ရနိုင်တဲ့ အနေအထားမျိုးပါ။ အာတီတာဟာ စမစ်-ရိုးကို တောင်ပံမှာ နေရာချပြီး Advanced No.10 ဆန်ဆန် ကစားခိုင်းခဲ့ပြီး အိုဒီဂတ်ကို တိုက်စစ်မှူးနောက်မှာထားပြီး Creative Midfielder ပုံစံ ကစားခိုင်းခဲ့ပါတယ်။ အဆိုပါကစားကွက်ဟာ အတော်လေးအလုပ်ဖြစ်ခဲ့ပြီး ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ ယမန်နှစ်ရာသီ ပရီးမီးယားလိဂ်ရဲ့ ဘောလုံးပေးပို့မှု အတိကျဆုံး ကွင်းလယ်တိုက်စစ်ကစားသမား ၃ ယောက်စာရင်းမှာ ဒုတိယရာသီဝက်မှ အာဆင်နယ်အသင်းအတွက် ကစားပေးခဲ့ကြတဲ့ အိုဒီဂတ်ရော မစ်-ရိုးရော ပါဝင်နေတဲ့အထိ စွမ်းဆောင်ရည်ကောင်းခဲ့ပါတယ်။ ဒီအချက်ကလည်း အာဆင်နယ်အသင်း မက်ဒီဆင်ထက် အိုဒီဂတ်ကို ခေါ်ယူဖို့ ပိုပြီးစိတ်အားထက်သန်စေတဲ့ အကြောင်းပြချက်တစ်ခုပါပဲ။

Source: Arsenal, 101 Greatest Goals

Leave a Reply