အာဆင်နယ်အသင်း စမစ်သ်-ရိုးကို လက်လွှတ်ရတော့မယ်လို့ သတင်းထွက်ပေါ်

အာဆင်နယ်အသင်းဟာ လူငယ်ကွင်းလယ်လူ အီမီလီ စမစ်သ်-ရိုးကို အက်စတွန်ဗီလာအသင်းထံ လက်လွှတ်ရနိုင်ခြေ တိုးပွားလာနေတယ်လို့ Football Insider နဲ့ Daily Mail တို့က ဖော်ပြသွားပါတယ်။

အသက် ၂၁ နှစ်အရွယ် လူငယ်ကွင်းလယ်ဖန်တီးရှင်ဟာ ယမန်နှစ်ရာသီတုန်းက အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ အထူးခြေစွမ်းပြသခဲ့သူဖြစ်ပြီး အသင်းက စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားပေမယ့် ကာယကံရှင်ဘက်က လက်ခံခြင်းမရှိသေးပါဘူး။

ဒီလိုအခြေအနေမှာ ဂျက် ဂရီးလစ်ရှ်ကို မန်စီးတီးအသင်းထံ ပေါင် သန်း ၁၀၀ နဲ့ ရောင်းထုတ်တော့မယ့် အက်စတွန်ဗီလာအသင်းဟာ ငွေထုပ်ပိုက်ပြီး စမစ်သ်-ရိုးကို ခေါ်ယူဖို့ ချဉ်းကပ်လာနေတာပါ။ အက်စတွန်ဗီလာအသင်းဟာ ပထမတစ်ကြိမ် ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းထားခဲ့ဖူးပြီး အဲ့ဒီတစ်ကြိမ်တုန်းကတော့ အာဆင်နယ်အသင်းက ကမ်းလှမ်းချက်ကို ငြင်းဆန်ပါယ်ချခဲ့ပါတယ်။

ညာနောက်ခံလူဟောင်း အလန် ဟတ်တန်ကတော့ နည်းပြအာတီတာက စမစ်သ်-ရိုးကို လက်မလွှတ်လိုတာ သဘာဝကျပေမယ့် အခြေအနေအရပ်ရပ်အရ အာဆင်နယ်အသင်းအနေနဲ့ ဗီလာထံ လက်လွှတ်လိုက်ရတာမျိုး ဖြစ်လာနိုင်တယ်လို့ သတိပေးစကားဆိုသွားပါတယ်။

“အပြောင်းအရွှေ့ ဖြစ်လာနိုင်ခြေက နည်းပါတယ်။ ဒါပေမယ့် ဗီလာရဲ့ကြိုးပမ်းမှုက အံ့အားသင့်မှုကို ဖြစ်စေပါတယ်။ သူတို့ တကယ်ခေါ်ယူချင်နေတယ်ဆိုတာကို ကာယကံရှင်ကစားသမားကို ခံစားမိစေမှာပါ။ အာတီတာအတွက် စမစ်သ်-ရိုးက အဓိက ကစားသမားပါ။ အာဆင်နယ်ဘက်က သူ့ကို လက်လွှတ်ချင်မှာမဟုတ်ပါဘူး။ သူက အရေးပါတဲ့ကစားသမားအဖြစ် အာဆင်နယ်အတွက် နှစ်ပေါင်းများစွာ ရှိနေမယ့် သူမျိုးပါ။ ဒီလိုကစားသမားမျိုးကို ဒီလိုအသက်အရွယ်မျိုးမှာ ဘယ်သူမှ လက်မလွှတ်ချင်ကြပါဘူး။ ဒါပေမယ့် ဗီလာရဲ့ ငွေထုပ်ပိုက်ပြီး စိတ်အားထက်သန်စွာကြိုးပမ်းနေမှုနဲ့ ကာယကံရှင်ရဲ့ စာချုပ်သစ်ကို လက်မခံသေးတဲ့ အခြေအနေတွေအရ ဘာမဆိုဖြစ်လာနိုင်တဲ့ အနေအထားဖြစ်လာနေပါတယ်” လို့ သူကဆိုသွားပါတယ်။

အက်စတွန်ဗီလာအသင်းဟာ စမစ်သ်-ရိုးကို ခေါ်ယူဖို့အတွက် သူတို့အသင်း ယခုနွေရာသီမှာတင်ရှိထားတဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၃ သန်းကို ထပ်မံရိုက်ချိုးဖို့အထိ ဆုံးဖြတ်ထားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Source: Football Insider, Daily Mail

Leave a Reply