အာဆင်နယ်အသင်း စူပါစတားတစ်ယောက် မွေးထုတ်နိုင်ခဲ့ပြီလား

အာဆင်နယ်အသင်းဟာ ကမ္ဘာ့အဆင့်ထိပ်တန်းကြယ်ပွင့်တစ်ယောက်ကို မွေးထုတ်နိုင်ခဲ့ပြီဖြစ်ပြီး အဆိုပါကြယ်ပွင့်ကတော့ လက်ရွေးစင်မှာရော ကလပ်အသင်းမှာပါ ခြေစွမ်းပြသနေတဲ့ ဘူကာယို ဆာကာဖြစ်တယ်လို့ ဂန္တဝင်ဟောင်း လီ ဒစ်ဆင်က သုံးသပ်ပြောဆိုလိုက်ပါတယ်။

ဟေးလ်အန့် အကယ်ဒမီကနေထွက်ပေါ်လာတဲ့ ဆာကာဟာ အက်ရှ်လေ ကိုးလ်နောက်ပိုင်း အကယ်ဒမီကနေ မွေးထုတ်ပေးလိုက်တဲ့ နောက်ထပ် ကမ္ဘာ့အဆင့် စူပါစတားတစ်ဦးဖြစ်တယ်လို့ ဒစ်ဆင်က ပြောဆိုသွားခဲ့တာပါ။

လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာဟာ အသက် ၂၀ အရွယ်သာရှိသေးပေမယ့် အာဆင်နယ်အသင်းရဲ့ မရှိမဖြစ်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြသနိုင်နေသလို အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း အဓိက ကစားသမားနေရာကို တဖြည်းဖြည်းချင်း သိမ်းပိုက်ရယူလာနေပါတယ်။

အာဆင်နယ်အသင်းအတွက် ၂ ရာသီဆက်တိုက် အဓိကမောင်းနှင်အားအဖြစ် ခြေစွမ်းပြသခဲ့တဲ့ ဆာကာဟာ ယူရို ၂၀၂၀ မှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ကမ္ဘာ့ဘောလုံးပရိတ်သတ်တွေရဲ့ အသိအမှတ်ပြုမှုကို ပိုမိုရရှိလာသလို ပေါ်ပြူလာဖြစ်မှုလည်း ပိုကြီးထွားလာနေသူပါ။

ဒါကြောင့်လည်း ဒစ်ဆင်က သူ့ကို စူပါစတားတစ်ယောက်ဖြစ်နေပြီလို့ တင်စားခဲ့တာဖြစ်ပါတယ်။ “သူကစားတာမြင်ရင် သူ့အသက်ကို လူတိုင်းမေ့လျော့သွားကြပါတယ်။ သူက ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်ကို ကယ်တင်ခဲ့တဲ့ ကစားသမား ၂ ဦးထဲက တစ်ဦးပါ။ လူငယ်တစ်ယောက်ဆိုပေမယ့် လူတိုင်းက သူဟာ ကစားပွဲကိုပြောင်းလဲပေးနိုင်တယ်၊ နိုင်ပွဲကို ရှာဖွေပေးနိုင်လိမ့်မယ်လို့ ယုံကြည်ခြင်းခံလာရနေပါတယ်။ ကမ္ဘာ့အဆင့်တစ်ယောက်အပေါ် ပရိတ်သတ်တွေထားရှိတဲ့ မျှော်လင့်ချက်မျိုးပေါ့” လို့ ဒစ်ဆင်က ဆိုခဲ့ပါတယ်။

“သူက ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အနဲ့အတူ ပါလာခဲ့ပါတယ်။ သူ့အခွင့်အရေးကို သူကိုယ်တိုင်ဖန်တီးပြီး နေရာတစ်နေရာကို ဖန်တီးယူပြခဲ့ပြန်ပါတယ်။ ခုဆို သူက ပေးပို့မှုတွေ၊ ဖန်တီးမှုတွေ၊ ဖြတ်တင်ဘောတွေ၊ တစ်ဦးချင်းဖြတ်ကျော်မှုတွေနဲ့ စီနီယာကစားသမားတွေကို ဦးဆောင်ကစားပြနေပါပြီ။ အင်္ဂလန်အသင်းဖော်တိုင်း ယုံကြည်ကြတဲ့ကစားသမား ဖြစ်နေပါတယ်။ သူက ကမ္ဘာ့အဆင့် စူပါစတားတစ်ယောက်ဖြစ်လာနေပါပြီ။ လုံးဝသေချာပါတယ်” လို့ ခံစစ်မှူးဟောင်းက မှတ်ချက်ပြုခဲ့ပါတယ်။

အင်္ဂလန်အသင်းဖော် ညာနောက်ခံလူ ကီယန် ထရစ်ပီယာကတော့ လက်ရွေးစင်အသင်းသားတိုင်းဟာ ဆာကာကို ချစ်ခင်ကြပြီး လူငယ်တစ်ယောက်ဖြစ်ပေမယ့်လည်း သူ့ရဲ့ ခြေစွမ်းကို အထင်ကြီးလေးစားကြရတယ်လို့ ဆိုထားပါတယယ်။ ဆာကာဟာ မယုံကြည်နိုင်စရာ ထူးချွန်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး စိတ်ဓာတ်လည်းမာကျောကြံ့ခိုင်သူဖြစ်တယ်လို့ စီနီယာကစားသမားကြီးက မှတ်ချက်ပြုသွားပါသေးတယ်။

ဆာကာဟာ အသက် ၂၀ အရွယ်သာရှိသေးပေမယ့် အာဆင်နယ်အသင်းအတွက် ၉၂ ပွဲကစား ၁၂ ဂိုးသွင်းယူပေးထားသလို အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ၁၁ ပွဲကစား ၂ ဂိုးသွင်းယူပေးထားပါတယ်။

Source: ITV, HITC

Leave a Reply