
ကစားသမားဟောင်း ဘာကရီ ဆက်ဂ်ညာက အာဆင်နယ်အသင်း မကြာခန ရှုံးပွဲတွေ ကြုံတွေ့နေရတာဟာ အသင်းရဲ့ DNA ပျောက်ဆုံးသွားမှုရဲ့ အကျိုးဆက်ဖြစ်သလို အသင်းသားတွေကို ဆုဖလားနဲ့ နိုင်ပွဲဆာလောင်စိတ်ကို လေ့ကျင့်သင်ကြားပေးနိုင်ခြင်းမရှိတော့တာတွေကြောင့်လည်း ဖြစ်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ ယခုနှစ်ရာသီမှာ ပွဲစဉ် ၄ ပွဲကစားထားပြီး လိဂ်ဖလားပွဲစဉ်မှာ ချန်ပီယံရှစ်ကလပ် ဝက်စ်ဘရွမ်းကို ၆ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲမှာတော့ ရဂိုးတစ်ဂိုးမှမရှိပဲ ပွဲတိုင်းအရေးနိမ့်ထားပါတယ်။

ဆက်ညာကတော့ ခုလိုမျိုးဖြစ်နေတာဟာ အသင်းသားတွေရဲ့ အတွင်းစိတ်ထဲမှာ အာဆင်နယ် DNA ပျောက်ဆုံးသွားတာကြောင့်ဖြစ်ပြီး အကျိုးဆက်အနေနဲ့ ကစားသမားတွေဟာ အသင်းအတွက် ရေကုန်ရေခမ်း ကြိုးစားပေးလိုစိတ် လျော့နည်းလာနေကြတယ်လို့ ထောက်ပြခဲ့ပါတယ်။
“အာဆင်နယ်ပွဲတွေကို ကြည့်မိတိုင်း ပွဲအများစုက ရှုံးနေတာကို ကျွန်တော် မြင်နေရပါတယ်။ အသင်းမှာ တစ်ခုခုတော့ဖြစ်နေပါပြီ။ ကျွန်တော်တို့အသင်းဟာ ကြောင်တောင်တောင်ဂိုးတွေ ဆက်တိုက်ပေးနေရပါတယ်။ ပေါင် သန်း ၁၆၀ လောက်သုံးထားပြီး လူငယ်တွေချည်း ဘာလို့ဝယ်ထားတာလဲ ကျွန်တော် စဉ်းစားမရပါဘူး။ သူတို့က အနာဂတ်အတွက် အကျိုးပြုမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် တချို့က ခုချိန်မှာ တိုက်ရိုက်အသုံးချလို့မရသေးသူတွေပါ။ ကျွန်တော်တို့ ခေတ်တုန်းက ကစားသမားတိုင်းက အာဆင်နယ်ကို ပြောင်းရွှေ့ကစားချင်ကြပါတယ်။ ခုခေတ်မှာတော့ အာဆင်နယ် DNA လည်း ပျောက်ဆုံးနေပါပြီ။ ဒီအသင်းဆီ လာချင်တဲ့ ကစားသမားလည်း ရှားနေပါပြီ” လို့ ဆက်ညာက RMC Sport ကို ပြောဆိုခဲ့ပါတယ်။

လူငယ်တွေ အရမ်းများပြားလွန်းနေပြီး စီနီယာကစားသမားတွေကလည်း လေးစားရလောက်တဲ့ ခြေစွမ်းမျိုးမပြသနိုင်ချိန်မှာ အငယ်ကစားသမားတွေက စီနီယာတွေရဲ့ ပြောစကားတွေကို နားထောင်မှု အားနည်းလာနေတယ်လို့ ထင်မိကြောင်း ဆက်ညာကဆိုသွားခဲ့ပြီး အဆိုပါအချက်ဟာ အာဆင်နယ်အသင်း ဆုဖလားဆာလောင်စိတ်ကင်းမဲ့မှုရဲ့ အဓိကအချက်လို့လည်း သူကထောက်ပြသွားပါသေးတယ်။
“ကျွန်တော်တို့မှာ သင့်လျော်တဲ့ကစားသမားတွေ ရှိချင်ရှိမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ရှုံးပွဲတွေ ဆက်တိုက်ကြုံနေရဆဲပါပဲ။ လူငယ်တွေဆိုတာ အတွေ့အကြုံရှိသူတွေလမ်းပြတဲ့နောက်ကို လိုက်ကြရင်း တိုးတက်လာကြရမှာပါ။ စီနီယာတွေက နိုင်အောင် ဒီလိုကစား၊ ဆုဖလားရဖို့ ဒီလိုကြိုးစားဆိုတာမျိုး မသင်ကြားပေးနိုင်ရင်၊ ဒါမှမဟုတ် လူငယ်တွေဘက်က စီနီယာတွေရဲ့ သင်ကြားမှုတွေကို လိုက်နာလိုခြင်းမရှိရင် ဘာမှထူးလာမှာမဟုတ်ပါဘူး” လို့ ပြင်သစ်လက်ရွေးစင်ဟောင်းက ထောက်ပြသွားခဲ့ပါတယ်။
Source: Mail, RMC Sport