
ထိပ်တန်းသတင်းဌာနတစ်ခုဖြစ်တဲ့ Sky Sports ဟာ လီဗာပူးလ်အသင်းကနေ ထွက်ခွာခွင့်ရရှိထားတဲ့ စွယ်စုံ ကွင်းလယ်တိုက်စစ်ကစားသမား ဇာဒန် ရှာကီရီကို အာဆင်နယ်အသင်း ခေါ်ယူသင့်စာချုပ်သင့်ကြောင်း တိုက်တွန်းရေးသားသွားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဆွစ်ဇာလန်သားကို အသင်းသစ်ရှာဖွေဖို့ အသိပေးထားပြီးဖြစ်ပြီး တန်ကြေးကိုလည်း ပေါင် ၁၂.၇၅ သန်းသာ သတ်မှတ်ထားပါတယ်။ Sky Sports ကတော့ ၂၉ နှစ်အရွယ် ကွင်းလယ်လူရဲ့ အဆိုပါတန်ကြေးဟာ ကွင်းလယ်တိုက်စစ်ကစားသမားသစ် ရှာဖွေနေတဲ့ အာဆင်နယ်အသင်းအတွက် ဘက်ဂျက်ကိုက်စေနိုင်မှာဖြစ်တယ်လို့ ထောက်ပြသွားပါတယ်။

ဒါ့အပြင် အာဆင်နယ်ကွင်းလယ်လူ ဂရာနစ် ရှာခါနဲ့ ဇာဒန် ရှာကီရီတို့ဟာ ဆွစ်ဇာလန်လက်ရွေးစင်အသင်းရဲ့ ကျောရိုးကစားသမားတွေဖြစ်ကြပြီး လက်ရွေးစင်အသင်းရဲ့ပွဲစဉ်တွေတိုင်းမှာ အတွဲညီညီခြေစွမ်းပြသနိုင်ခဲ့ကြသူတွေဖြစ်တာမို့ ရှာကီရီကိုသာခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အဆိုပါကစားသမား ၂ ဦးလုံးရဲ့ ခြေစွမ်းကောင်းတွေကို အာဆင်နယ်အသင်း အသုံးချခွင့်ရလိမ့်မယ်လို့လည်း Sky Sports က ဖော်ပြခဲ့ပါတယ်။
Sky Sports က နောက်ဆုံးထောက်ပြသွားတဲ့အချက်ကတော့ ဇာဒန် ရှာကီရီရဲ့ အသက်ဟာ ၂၉ နှစ်အရွယ်ရှိနေပြီဖြစ်တာကြောင့် သူ့ကို ခေါ်ယူခဲ့မယ်ဆိုရင် အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့် ကွင်းလယ်ဖန်တီးရှင် အီမီလီ စမစ်-ရိုးရဲ့ ခြေစွမ်းနဲ့ အနာဂတ်အပေါ်လည်း ထိခိုက်မှုရှိလာမှာမဟုတ်ပဲ သူ့ရဲ့ ဆုဖလား၊ အောင်မြင်မှုနဲ့ နိုင်ငံတကာ အတွေ့အကြုံကောင်းတွေကို ပြန်လည်မျှဝေနိုင်မယ့်အခွင့်အရေးကိုပါ ပိုင်ဆိုင်လာနိုင်တယ်လို့ ဆိုသွားတာပါ။

၂၀၁၈ ခုနှစ်မှာ စတုတ်စီးတီးအသင်းကနေ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ရှာကီရီဟာ ကြိုးကြာနီတွေအတွက် ပြိုင်ပွဲစုံ ၆၃ ပွဲပါဝင်ကစားပေးထားပြီး သွင်းဂိုး ၈ ဂိုးသွင်းယူပေးထားပါတယ်။ ရှာကီရီဟာ ကစားသမားဘဝသက်တမ်းတစ်လျှောက် ဘေဆယ်၊ ဘိုင်ယန်မြူးနစ်၊ လီဗာပူးလ်စတဲ့အသင်းတွေနဲ့အတူ ဆုဖလား ၁၈ ခု ရယူထားသူလည်းဖြစ်ပါတယ်။
အာဆင်နယ်အသင်းကတော့ လက်တလောမှာ ကွင်းလယ်တိုက်စစ်နေရာကို ဖြည့်တင်းဖို့ အပြင်းအထန်စီစဉ်နေပြီး ဂျိမ်းစ် မက်ဒီဆင်၊ မာတင် အိုဒီဂတ်၊ မာကို အဆန်စီယို၊ ဟူဆန် အော်ဝါစတဲ့ ထိပ်တန်းကစားသမားတွေကို ပစ်မှတ်ထားနေပါတယ်။
Source: Sky Sports