
ကွင်းလယ်လူဟောင်း အီမန်နူရယ် ပီတစ်က နှစ်ကာလရှည်ကြာ ဆက်တိုက်ကျူးလွန်လာခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့မူဝါဒအမှားတွေဟာ လက်ရှိအာဆင်နယ်အသင်းကို ဖြစ်ပေါ်လာစေတာဖြစ်တယ်လို့ ဝေဖန်ထောက်ပြလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ လာကာဇက်၊ အူဘာမီယန်း၊ ပက်ပေ၊ ပါတေး၊ ဘန်ဝှိုက်စတဲ့ ထိပ်တန်းကစားသမားတွေကို ခေါ်ယူခဲ့သလို ပေါင် သန်း ၃၀၀ ဝန်းကျင်အထိငွေကြေး သုံးစွဲခဲ့ပေမယ့်လည်း ဥရောပဝင်ခွင့်ရဖို့ အသည်းအသန်ရုံးကန်နေရတဲ့အထိ ခြေစွမ်းနဲ့ရလဒ်ပိုင်းတွေမှာ ကျဆင်းလာနေပါတယ်။

ပီတစ်ကတော့ ခုလိုဖြစ်လာရတာဟာ အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့မူဝါဒမှားတွေကြောင့်လို့ ထောက်ပြခဲ့ပြီး အသင်းအတွက် သင့်လျော်တဲ့ကစားသမားတွေကို အမျှော်အမြင်ရှိရှိခေါ်ယူတာမျိုးမလုပ်ပဲ မလိုအပ်ပဲ ဈေးဆစ်တာတွေ၊ ခေါ်သင့်တဲ့ကစားသမားတွေကို ပြတ်ပြတ်သားသားမခေါ်ယူနိုင်တာတွေကြောင့် အသင်းဟာ ငွေကုန်အကျိုးမရှိတဲ့ ကစားသမားတွေကိုသာ ခေါ်ယူရင်း ပိုပိုယိုယွင်းလာနေတာလို့ ဆိုသွားပါတယ်။
“အာဆင်နယ် မအောင်မြင်တာ ငွေကြေးမသုံးစွဲလို့ဆိုတဲ့အချက်ကို ကျွန်တော် သဘောမတူပါဘူး။ သူတို့မှာ ငွေရှိသလို ကစားသမားခေါ်ယူမှုတွေလည်း လုပ်နေတာပါပဲ။ တကယ့်ပြဿနာက မှန်ကန်တဲ့ ဖြည့်ဆည်းမှုတွေကို ရွေးချယ်ခေါ်ယူနိုင်စွမ်းမရှိတာပါ။ ကျွန်တော်တို့ ကစားသမားသစ်တစ်ချို့ကို မြင်ခဲ့ရတယ်။ ဒါပေမယ့် အသင်း အမှန်တကယ် တကယ်ကွင်းထဲဝင်ကန်ချိန်မှာ အားနည်းချက်တွေ၊ အမှားတွေက မပြောင်းလဲသွားပါဘူး။ လွန်ခဲ့တဲ့နှစ်တွေတုန်းက အတိုင်းပါပဲ။ ခံစစ်ဟာ အမှားအယွင်းများနေဆဲဖြစ်သလို ဖန်တီးနိုင်စွမ်းကလည်း ကင်းမဲ့နေပါတယ်။ ဒီလိုနေ့ရက်မျိုးတွေကို ဖြတ်သန်းနေရသရွေ့ အာဆင်နယ်က ဆွဲဆောင်မှုရှိတဲ့ကလပ် ဖြစ်မလာနိုင်ပါဘူး။ ဘယ်လိုကစားသမားကောင်းကမှလည်း လာချင်ကြတော့မှာ မဟုတ်ပါဘူး” လို့ သူကဆိုသွားပါတယ်။

ဒါ့အပြင်သူကိုယ်တိုင်တောင် အာဆင်နယ်အသင်းပွဲစဉ်တွေကြည့်ဖို့ စိတ်ပါဝင်စားမှုမရှိတော့ဘူးလို့လည်း ပီတစ်က ဝန်ခံခဲ့ပါတယ်။ “အာဆင်နယ်အပေါ် ကျွန်တော့် ခံစားချက်တွေက တဖြည်းဖြည်းချင်း လျော့နည်းလာတယ်။ ပွဲစဉ်တွေထိုင်ကြည့်နေမိရင်တောင်မှ အသင်းရဲ့ ကစားဟန်နဲ့ စွမ်းဆောင်ရည်တွေက ဆွဲဆောင်နိုင်စွမ်း ဘာဆိုဘာမှမရှိတော့ဘူး” လို့လည်း သူက RMC သတင်းဌာနကို ပြောခဲ့ပါသေးတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိရာသီမှာ နူနို တာဗာရက်စ်၊ ဆမ်ဘီ လိုကွန်ဂါနဲ့ ဘန်ဝှိုက်တို့ကို ပေါင် သန်း ၈၀ အကုန်အကျခံခေါ်ယူထားပြီး နောက်ထပ်ကစားသမား ၃ ဦးခန့် ထပ်မံဖြည့်တင်းဖို့လည်း စီစဉ်နေပါတယ်။
Source: The Mirror