အာဆင်နယ် ဒီထက်အခြေအနေမဆိုးဖို့ ဘယ်ကစားသမားတွေကို ခေါ်ယူဖို့ လိုအပ်နေသလဲ

talkSPORT သတင်းဌာနရဲ့ သုံးသပ်သူ ဂျေမီ အိုဟာရာက အာဆင်နယ်အသင်းအနေနဲ့ လက်ရှိအခြေအနေဆိုးတွေကနေ ပြန်လည်ရုံးထွက်နိုင်ဖို့ဆိုရင် ညာနောက်ခံလူ၊ ကွင်းလယ်ဗဟိုနဲ့ တိုက်စစ်နေရာတွေမှာ အရည်အသွေးမြင့်ကစားသမားတွေ ချက်ခြင်းဖြည့်တင်းနိုင်ဖို့ လိုအပ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

စပါးကွင်းလယ်လူဟောင်း အိုဟာရာကတော့ သူ့စိတ်ကြိုက်ဆိုရမယ်ဆိုရင် ဂန်းနားတွေအနေနဲ့ ကီရန် ထရစ်ပီယာ၊ မော်ရို အီကာဒီနဲ့ အန်ဒါဟာရဲယားတို့ကို ခေါ်ယူဖြည့်တင်းသင့်တယ်လို့ အကြံပြုစကား ဆိုခဲ့ပါသေးတယ်။

“လက်ရှိ အာဆင်နယ်အတွက်ဆိုရင်တော့ တန်ကြေးသိပ်မကြီးပဲ သူတို့ဆီ သေချာပေါက်ရောက်လာနိုင်မယ့် အရည်အသွေးမြင့်ကစားသမားတွေကို စဉ်းစားဖို့လိုအပ်ပါတယ်။ တန်ကြေးကြီးကစားသမားတွေကို မရနိုင်ပဲ လိုက်ချဉ်းကပ်နေရင်လဲ အချိန်ကုန်လူပန်းရုံပဲဖြစ်မှာပါ။ တကယ်လို့များ သူတို့မှာ ပိုမြင့်မားတဲ့ရည်မှန်းချက်မျိုးရှိတယ်ဆိုရင် အစောပိုင်းကတည်းက အန်ဆယ်လော့တီတို့ ရော်ဂျာစ်တို့ကို ခေါ်ခဲ့သင့်တာပါ။ ခုချိန်မှာတော့ ဘာမှလုပ်မရတော့ပါဘူး။ ဒါပေမယ့် လူအင်အားဖြည့်တင်းပြီး ကျားကန်ထားလို့တော့ရပါသေးတယ်” လို့ အိုဟာရာက Sports Bar Weekender ကို ပြောဆိုခဲ့ပါတယ်။

“ပြဿနာက သူတို့ရဲ့ လူအင်အားဖြည့်တင်းမှု အရည်အသွေးက တော်တော်လေးစုတ်ချာပါတယ်။ တကယ်လို့ ကျွန်တော် အကြံပေးခွင့်ရမယ်ဆိုရင် ကီယန် ထရစ်ပီယာကို သေချာပေါက် ခေါ်ယူဖို့ ပြောချင်ပါတယ်။ ပေါင် သန်း ၃၀ လောက် သုံးရနိုင်ပေမယ့် အသင့်သုံးပါ။ နောက်ပြီး ပီအက်စ်ဂျီက ရောင်းထုတ်ချင်နေတဲ့ မော်ရို အီကာဒီနဲ့ အန်ဒါ ဟာရဲရားတို့ကိုရောပါပဲ။ သူတို့က ကမ္ဘာ့အဆင့် ကစားသမားတွေရောက်လာတာကြောင့် နေရာပျောက်ဖို့များနေသူတွေဆိုပေမယ့် သူတို့အဆင့်အတန်းက ထိပ်တန်းမှာ ရှိနေဆဲလူတွေပါ” လို့ အိုဟာရာက ဆိုခဲ့ပါတယ်။

အိုဟာရာကတော့ အာဆင်နယ်အသင်း အပြင်းအထန်ဖြည့်တင်းဖို့ စီစဉ်နေတဲ့ ကွင်းလယ်တိုက်စစ်ပိုင်းဟာ အရေးပါတဲ့လိုအပ်ချက်မဟုတ်ဘူးလို့ပြောဆိုခဲ့ပြီး အသင်းက လူငယ်ကြယ်ပွင့် အီမီလီ စမစ်-ရိုးကိုသာ ယုံကြည်မှုရှိရှိ ဆက်လက်သုံးစွဲဖို့ တိုက်တွန်းသွားပါတယ်။

အာဆင်နယ်အသင်းဟာ လက်တလောမှာ ကွင်းလယ်တိုက်စစ်၊ ညာနောက်ခံလူနဲ့ ဂိုးသမားနေရာတွေကို ဖြည့်တင်းဖို့စီစဉ်နေပြီး တိုက်စစ်မှူးနဲ့ ကွင်းလယ်ဗဟိုနေရာတွေအတွက်လည်း အခွင့်အရေးရလာခဲ့ရင် ခေါ်ယူမှုတွေ ပြုလုပ်သွားဖို့ စိတ်ကူးရှိနေပါတယ်။

Source: talkSPORT

Leave a Reply