
အာဆင်နယ်အသင်းဟာ Mind Series ခြေစမ်းပွဲစဉ်ရဲ့ အဖွင့်ပွဲဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ဒိုင်ဖြစ်သူရဲ့ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်ကြောင့် ၁-၂ ရလဒ်နဲ့ အရေးနိမ့်ခဲ့ရပါတယ်။
အာဆင်နယ်အသင်းဟာ အဆိုပါပွဲစဉ်မှာ ကစားသမားသစ် ၃ ဦးလုံးကို အရံခုံမှာထားခဲ့ပြီး ကွင်းလယ်ဗဟိုမှာလည်း ပါတေး-အယ်လ်နီနီအတွဲနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ကွင်းလယ်ပိုင်းမှာ ပါတေးနဲ့ စမစ်-ရိုးတို့ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပေမယ့် အယ်လ်နီနီကတော့ ပွဲကြီးတွေအတွက် လိုအပ်ချက်ရှိနေဆဲပါ။

ချယ်လ်ဆီးအတွက် ဟာဗက်ဇ်က စောစောစီးစီးဂိုးသွင်းယူပေးခဲ့ပြီး ဂန်းနားတွေအနေနဲ့ ဒုတိယပိုင်းမှာ ဝင်လာတဲ့ ဂရာနစ် ရှာခါကြောင့် ခြေပဂိုးရခဲ့ပေမယ့် ဘယ်လာရင်ရဲ့ လူပေးမှားမှုကနေတဆင့် အေဗရာဟမ်က ဦးဆောင်ဂိုးပြန်သွင်းသွားခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ လိုကွန်ဂါရဲ့ဖန်တီးပေးမှုကနေတဆင့် ဝေးလော့ခ်က ခြေပဂိုးပြန်သွင်းခဲ့ပေမယ့် ဒိုင်ဖြစ်သူက လူကျွံဘောအဖြစ် မှားယွင်းသတ်မှတ်ခဲ့တာကြောင့် အာဆင်နယ်အသင်း အရေးနိမ့်ခဲ့ရတာပါ။
ဒီနေ့ပွဲစဉ်ဟာ ခြေစမ်းပွဲဖြစ်တာမို့ နှစ်ဘက်အသင်းတွေဟာ ရလဒ်ထက် ကစားသမားစမ်းသပ်မှုအပိုင်းကို ပိုမိုအာရုံစိုက်လုပ်ဆောင်သွားကြတာမို့ ပွဲအကြောင်းကို အလေးအနက်ထား သုံးသပ်ဖို့တော့ အနည်းငယ်ခက်ခဲပါတယ်။ ဒါပေမယ့်လည်း ထုံးစံအတိုင်း မှတ်မှတ်ထင်ထင်ဖြစ်တဲ့ အချက်တွေကိုတော့ ထုတ်နှုတ်တင်ဆက်ချင်ပါတယ်။

၁။ ပေါင် သန်း ၅၀ နဲ့ ထိုက်တန်ရဲ့လား ဘန်ဝှိုက်
ချယ်လ်ဆီးနဲ့ပွဲစဉ်မှာ နည်းပြအာတီတာက ဘန်ဝှိုက်ကို ဒုတိယပိုင်းမှ လူစားဝင်ကစားစေခဲ့ပါတယ်။ အဓိက အကြောင်းအရင်းကတော့ အသင်းနဲ့ လေ့ကျင့်ခန်း တစ်ကြိမ်သာဆင်းရသေးတာကြောင့်ပါ။ ဒါပေမယ့် အင်္ဂလန်သားဟာ ပရိတ်သတ်တွေ မျက်စိကျလောက်တဲ့ ခြေစွမ်းမျိုးကို ထုတ်ပြနိုင်ခဲ့ပြီး အသင်းကိုလည်း အကြိမ်ကြိမ်ကယ်တင်သွားခဲ့ပါတယ်။ အထူးသဖြင့် ဇိုင်ယာ့ချ်ရဲ့ ဂိုးပေါက်ဝအထိ ထိုးဖောက်မှုကို ခက်ခက်ခဲခဲကာကွယ်ပြသွားတာက အတော်လေးချီးမွမ်းစရာ စွမ်းဆောင်ရည်ဖြစ်ပါတယ်။ လက်ရှိအနေအထားအရ ဘန်ဝှိုက်တစ်ယောက် သူ့ရဲ့တန်ကြေး ပေါင် သန်း ၅၀ နဲ့ ထိုက်တန်ခြင်း ရှိ/မရှိ သုံးသပ်ဖို့ ခက်ခဲသေးပေမယ့် ချယ်လ်ဆီးနဲ့ပွဲစဉ်က ခြေစွမ်းအရဆိုရင်တော့ သူဟာ အာဆင်နယ်အသင်း အားကိုးရမယ့် ကစားသမားသေချာပေါက်ဖြစ်လာမယ်ဆိုတာကိုတော့ အခိုင်အမာဆိုရဲပါတယ်။

၂။ မှားနေဆဲ မှားနေမြဲ
မနှစ်က ရာသီမှာ အာဆင်နယ်အသင်းရဲ့ ခံစစ်တန်းဟာ တိုးတက်လာတဲ့ အရိပ်လက္ခဏာတွေ ပြသခဲ့ပါတယ်။ ခံစစ်က ဂိုးပေးနှုန်းလည်း ကျဆင်းလာခဲ့တာပါ။ ဒါပေမယ့် ပေးလိုက်ရတဲ့ ဂိုးတွေထဲက တစ်စိတစ်တစ်ပိုင်းဟာ အသင်းက ကစားသမားတွေ အမှားအယွင်းကျူးလွန်တာကြောင့် ပေးခဲ့ရတာတွေမို့ ပရိတ်သတ်တွေက ခံစစ်စွမ်းဆောင်ရည်တိုးတက်မှုကို လက်မခံနိုင်ဖြစ်ခဲ့ကြပါတယ်။ ယခုနှစ်ရာသီမှာ အာတီတာအဓိကထားပြင်ဆင်ရမယ့် အချက်တွေထဲမှာ တစ်ဦးအချင်းမှားကျူးလွန်မှုတွေကို လျှော့ချဖို့က ထိပ်ဆုံးကဖြစ်ပေမယ့်လည်း အာဆင်နယ်ကစားခဲ့တဲ့ ခြေစမ်းပွဲ ၅ ပွဲမှာ ၃ ပွဲက အမှားကျူးလွန်ပြီး ဂိုးပေးခဲ့ရတာမို့ ရာသီသစ်အတွက်ကတော့ စိုးရိမ်စရာဖြစ်လာခဲ့ပါပြီ။ ချယ်လ်ဆီးနဲ့ပွဲစဉ်မှာလည်း ဘယ်လာရင်နဲ့ ရှာခါတို့အကြား နားလည်မှုလွဲမှားရာကနေ ချယ်လ်ဆီးက အနိုင်ဂိုးရရှိသွားတာဖြစ်ပါတယ်။

၃။ ရှာခါ ပြန်လာပြီလား
တစ်ဦးချင်း အမှားတွေ၊ ခြေစွမ်း အနိမ့်အမြင့်အဆက်အကျတွေနဲ့ အမြဲလုံးပမ်းနေခဲ့ရတဲ့ ရှာခါဟာ ဆွစ်ဇာလန်နဲ့အတူ ထုတ်ပြခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းကောင်းကို အာဆင်နယ်အသင်းဆီ ယူဆောင်လာနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးနဲ့ပွဲစဉ်မှာ ဒုတိယပိုင်းမှာဝင်ကစားခဲ့ပေမယ့် ကွင်းလယ်မှာ ကောင်းကောင်းကစားပြနိုင်ခဲ့သလို ခြေပဂိုးတစ်ဂိုးလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာလည်း နည်းပြအာတီတာက ရှာခါဟာ အသင်းရဲ့ အရေးပါတဲ့ကစားသမားဖြစ်တာမို့ သူ့ကို အသင်းမှာဆက်လက်ထိမ်းသိမ်းထားမှာဖြစ်ပြီး အသင်းပြောင်းခွင့်ပြုမှာမဟုတ်ဘူးလို့ အတည်ပြုသွားခဲ့ပါတယ်။ ရှာခါဟာ အာဆင်နယ်အသင်းရဲ့ အကောင်းဆုံးကွင်းလယ်မဟုတ်သည့်တိုင် လက်ရှိခြေစွမ်းအရ သူ့နေရာကို အလွယ်တကူအစားထိုးဖို့ ခက်ခဲနိုင်တယ်ဆိုတာကတော့ အမှန်တရားဖြစ်ပါတယ်။

၄။ ယုံကြည်ချက်အပြည့်နဲ့ စမစ်-ရိုး
ကျောနံပါတ် ၁၀ နဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ပထမဆုံးကစားခွင့်ရတဲ့ပွဲစဉ်မှာ စမစ်ရိုးရဲ့ ခြေစွမ်းက အားရစရာ အခြေအနေမှာရှိခဲ့ပါတယ်။ ကျောနံပါတ်ရဲ့ ဖိအားဒါဏ်ကိုခံစားရနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိနေပေမယ့်လည်း အင်္ဂလန်သားကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ကစားပြသွားသလို အခွင့်အရေးတွေလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ သူကန်သွင်းခဲ့တဲ့ ဘယ်ခြေကန်ချက်တိုင်ထိမထွက်ခဲ့ဖူးဆိုရင် သွင်းဂိုးတောင် ရယူနိုင်ခဲ့ဦးမှာပါ။ မဆင်မခြင်ဖျက်ထုတ်မှုကြောင့် အဝါကတ်ထိခဲ့တာကလွဲလို့ ချယ်လ်ဆီးနဲ့ပွဲစဉ်က စမစ်-ရိုးရဲ့ ခြေစွမ်းက အားရစရာအတော်လေးကောင်းခဲ့ပါတယ်။

၅။ ပွဲထွက်အဆင့် ကစားသမားလိုအပ်နေတဲ့ ညာနောက်ခံနေရာ
အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးနဲ့ပွဲစဉ်မှာ ချမ်ဘာစ်ကို ညာနောက်ခံနေရာအတွက် ပွဲထွက်ကစားသမားအဖြစ် ပွဲထုတ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဘယ်လာရင်ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ဒါပေမယ့် ၂ ဦးလုံးရဲ့ ခြေစွမ်းဟာ အာဆင်နယ်အသင်းရဲ့ ပွဲထွက်ကစားသမားနေရာနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးတော့ မဟုတ်ခဲ့ပါဘူး။ လက်ရှိအာဆင်နယ်အသင်းမှာ ညာနောက်ခံလူ ၃ ဦးအထိရှိနေပြီး ၃ ဦးစလုံး အတွေ့အကြုံရင့်ကျက်တဲ့အရွယ်ကို ရောက်နေကြပြီဖြစ်ပေမယ့် ဆီဒရစ် ဆိုအာရက်စ်ကလွဲပြီး ကျန်ကစားသမားတွေဟာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်တဲ့ခြေစွမ်းမျိုးကို တည်တည်ငြိမ်ငြိမ်ပြသနိုင်စွမ်းမရှိကြပါဘူး။ ဆိုအာရက်စ်ရဲ့ အခြေအနေကလည်း ကျန် ၂ ယောက်ထက်သာတယ်ဆိုတဲ့ အခြေအနေသာဖြစ်ပြီး တခြားထိပ်သီးအသင်းတွေမှာဆို အရံခုံထိုင်ရမယ့်အဆင့်ပါ။ ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ အပြောင်းအရွှေ့ရာသီရဲ့ လက်ကျန်ရက်တွေမှာ အဆင့်မှီဒေါင်ဒေါင်မြည် ညာနောက်ခံလူတစ်ဦး မဝယ်ယူနိုင်ခဲ့ဘူးဆိုရင် တစ်ရာသီလုံး ဒုက္ခရောက်နိုင်ပါတယ်။