အာဆင်နယ် ၂-၀ နယူးကာဆယ် ပွဲစဉ်က မှတ်မှတ်ထင်ထင် အချက် (၅) ချက်

အာဆင်နယ်အသင်းကတော့ အမှတ်ပေးဇယား အဆင့် ၂၀ နေရာက နယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ အနိုင်ကစားပြီး ဖိအားတွေထပ်တင်ပေးလိုက်ပါတယ်။ ဒီလိုပဲ လီဗာပူးလ်နဲ့ပွဲအပြီး သူ့မှာရှိနေတဲ့ ဖိအားတွေကိုလည်း လျှော့ချနိုင်လိုက်တာပါ။

ယခု ၂ ဂိုးပြတ်နိုင်ပွဲကြောင့် အာဆင်နယ်အသင်းရဲ့ ဥရောပဝင်ခွင့်မျှော်လင့်ချက်တွ ပိုမိုအားကောင်းလာခဲ့သလို အဆင့် ၄ နေရာက ဝက်စ်ဟမ်းကိုလည်း ရမှတ်တူနဲ့ ဖိအားပေးနိုင်လိုက်ပါတယ်။

တိုက်စစ်ပိုင်းအားနည်းချက်တွေရှိနေတဲ့ အာဆင်နယ်အသင်းဟာ ဒီကနေ့ပွဲမှာလည်း ဂိုးသွင်းယူနိုင်ဖို့ ရုံးကန်ခဲ့ရပါသေးတယ်။ ဒါပေမယ့် လူငယ်ကစားသမားတွေရဲ့ ခြေစွမ်းပြသမှုကြောင့် ဒုတိယပိုင်းမှာ ၂ ဂိုးပြန်သွင်းနိုင်ခဲ့ပြီး အနိုင် ၃ မှတ်ရယူနိုင်ခဲ့တာပါ။

လူငယ်တွေရဲ့ ခြေစွမ်းထက်မြက်မှုကြောင့် အနိုင် ၃ မှတ်ကို သက်သောင့်သက်သာ ရယူနိုင်ခဲ့ပေမယ့်လည်း ဒီပွဲစဉ်မှာ ဝေဖန်ထောက်ပြစရာအချက်တွေလည်း ရှိလို့နေခဲ့ပါတယ်။ ဒါကြောင့်လည်း ချီးမွမ်းစရာတွေရော ထောက်ပြစရာတွေပါရှိနေတဲ့ ဒီပွဲစဉ်ကနေ ထင်သာမြင်သာအချက်တွေကို ဆွဲထုတ်ပြီး အဆိုပါပွဲရဲ့ မှတ်မှတ်ထင်ထင်အချက်တွေအဖြစ် သုံးသပ်လိုက်ပါတယ်။

၁။ ဆာကာနဲ့တူခဲ့တဲ့ ဆာကာ

ပြောရမယ်ဆိုရင် ဒီနှစ်ရာသီ ဆာကာက ယခင်နှစ်တွေတုန်းက ဆာကာလောက် ခြေစွမ်းမထက်မြက်တော့ဘူးလို့ ဝေဖန်ခံနေရတာပါ။ ခြေစွမ်းညံ့ဖျင်းနေတာမျိုးမဟုတ်ပေမယ့် ယခင်နှစ်တွေတုန်းကလို ကွင်းထဲမှာ ထင်းနေပြီး အသင်းက လုံးဝမှီခိုကစားနေရတဲ့ ဆာကာမျိုးတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် နယူးကာဆယ်နဲ့ပွဲစဉ်မှာတော့ အရင်တုန်းကဆာကာကို ပြန်မြင်ခဲ့ရပါတယ်။ အနိုင် ၃ မှတ် ရှာဖွေနိုင်ဖို့အတွက် ဆာကာတစ်ယောက် အသည်းအသန်ရုံးပြသွားခဲ့သလို ဘယ်တောင်ပံ၊ ညာတောင်ပံ ၂ မျိုးလုံးမှာ လွန်းထိုးပြီး အကောင်းဆုံး ခြေစွမ်းကိုထုတ်ပြသွားခဲ့တာပါ။ အနိုင်ဂိုးတစ်ဂိုးလည်းသွင်းယူနိုင်ခဲ့သလို MoTM ဆုလည်း ရခဲ့ပါသေးတယ်။ ဒါပေမယ့် ပွဲချိန် မိနစ် ၆၀ ကျော်မှာ ဒါဏ်ရာရသွားလို့ လူစားလဲခဲ့ရတာကတော့ စိတ်ပူစရာကိစ္စဖြစ်ပါတယ်။

၂။ သောကတွေပေးနေဆဲ အထောင်တိုက်စစ်နေရာ

ဂန်းနားတွေဟာ နယူးကာဆယ်နဲ့ပွဲစဉ်မှာ ဂိုးပေါက်ကန်သွင်းခွင့် ၂၄ ကြိမ်အထိရခဲ့ပြီး ၁၃ ကြိမ် ဂိုးပေါက်တည့်ခဲ့ပါတယ်။ ဒါပေမယ့် သွင်းဂိုးကတော့ ၂ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ဂိုးသွင်းယူခဲ့သူ ၂ ယောက်လုံးက အသက် ၂၀ အရွယ် ကစားသမားတွေချည်းပါ။ အထောင်တိုက်စစ်မှာ အသင်းခေါင်းဆောင် အူဘာမီယန်းနဲ့ပွဲထက်ခဲ့ပြီး High Pressing လုပ်ပုံကောင်းမွန်ခဲ့ပေမယ့် အဓိက တာဝန်ဖြစ်တဲ့ ဂိုးသွင်းယူမှုအပိုင်းမှာတော့ ကွင်းထဲကနေ မြန်မြန်ထွက်သွားပါစေလို့ ဆုတောင်းရတဲ့အထိ အခြေအနေဆိုးခဲ့တာပါ။ လူစားဝင်လာတဲ့ လာကာဇက်ကလည်း ၂ လုံး ၃ လုံးဝင်ဖြုန်းသွားသေးတာမို့ အာဆင်နယ်တိုက်စစ်အတွက် လာမယ့်ဇန်နဝါရီမှာ လူသစ်မဖြစ်မနေ ဖြည့်တင်းရတော့မှာဖြစ်ပြီး တကယ်လို့သာ ထိုက်သင့်တဲ့ အင်အားဖြည့်တင်းမှုမျိုး မလုပ်နိုင်ခဲ့ရင် ပွဲကျပ်ကာလတွေမှာ တိုက်စစ်ပိုင်းက ဒီထက်ရုံးကန်ရနိုင်ပါတယ်။

၃။ ဝေဖန်မှုတွေကြားက ရုံးထွက်ပြခဲ့တဲ့ တာဗာရက်

လီဗာပူးလ်နဲ့ပွဲအပြီးမှာ တော်တော်လေး ဝေဖန်ခံခဲ့ရတဲ့ နူနို တာဗာရက်ကို နည်းပြအာတီတာက ဒီနေ့ပွဲမှာ ဆက်သုံးခဲ့ပါတယ်။ ချက်ခြင်း Line-up ဖြုတ်လိုက်ရင် ကစားသမားရဲ့ ယုံကြည်မှုပြိုကျသွားနိုင်တာကြောင့်ဖြစ်နိုင်သလို အမြန်နှုန်းမြင့်ကစားသမားများတဲ့ နယူးကာဆယ်ကို စိတ်ချလက်ချထိမ်းချုပ်နိုင်ဖို့ ရည်ရွယ်တာလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တာဗာရက်ကို အသုံးချခဲ့တာဟာ မှန်ကန်ခဲ့ပြီးတော့ ပထမပိုင်းမှာ တောင်ကန်မြောက်ကန် နည်းနည်းဖြုံးခဲ့ပေမယ့်လည်း ပွဲချိန်အများစုမှာတော့ သူ့ရဲ့ တိုက်စစ်/ခံစစ်နှစ်မျိုးလုံးကို Cover လုပ်နိုင်တဲ့ ကစားဟန်က အတော်လေးအလုပ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အဖွင့်ဂိုးကို ဖန်တီပေးနိုင်ခဲ့သလို သေချာပေါက် ဂိုးပေးရနိုင်တဲ့ တန်ပြန်တိုက်စစ်တစ်လုံးကိုလည်း ပါးပါးနပ်နပ်လုယူပြသွားနိုင်ခဲ့တာပါ။ ဝီလ်ဆင်ကို နောက်ကနေလိုက်ပြေးပြီး ပင်နယ်တီဧရိယာထဲမှာ ဘော်ဒီခုပြသွားတဲ့ သူ့ရဲ့ဟန့်တားပုံမှာ သူ့ရဲ့ အမြန်နှုန်း၊ ချိန်သားကိုက်လှုပ်ရှားနိုင်စွမ်း၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ပါးနပ်မှုတွေအားလုံးကို ထုတ်ပြသွားနိုင်ခဲ့တာပါ။

၄။ အောင်မြင်သော Clean Sheet များ၏ နောက်ကွယ်

လက်စတာနဲ့ပွဲစဉ်တုန်းက မက်ဒီဆင်ရဲ့ ကန်ချက်ကို ရမ်းစ်ဒေးလ် ကာကွယ်ခဲ့တာက ဒီရာသီရဲ့ အကောင်းဆုံးကာကွယ်မှုဆိုရင် နယူးကာဆယ်နဲ့ပွဲက ရှယ်လ်ဗေးရဲ့ ကန်ချက်ကို ကာကွယ်ခဲ့ပုံကလည်း အရင်ကာကွယ်မှုထက် ပိုမညံ့ခဲ့ပါဘူး။ အာဆင်နယ်အသင်းရဲ့ ခံစစ်တန်းတိုးတက်လာမှုမှာ ရမ်းစ်ဒေးလ်ရဲ့ လက်စွမ်းနဲ့ ဦးဆောင်ဦးရွက်ပြုနိုင်စွမ်းကို ချန်လှပ်ထားလို့မရပါဘူး။ အင်္ဂလန်သားဟာ ခံစစ်တန်းကို ကောင်းကောင်းဦးဆောင်ပေးနေရုံတင်မကပါဘူး၊ ဘောလုံးလိုက်ပါဖြန့်ဝေပေးသလို တစ်ချက်တစ်ချက် ကျွံလာတဲ့ ကန်ချက်တွေကိုလည်း စိတ်ချလက်ချကာကွယ်ပေးနေတဲ့သူပါ။ အာဆင်နယ်အသင်းအတွက် ယခုနှစ်ရာသီရဲ့ အကောင်းဆုံးခေါ်ယူမှုလို့တောင်ဆိုရမယ့် ကစားသမားဖြစ်ပါတယ်။

၅။ ဖြေဆေးလိုလာတဲ့ အထနှေးမှုပြဿနာ

နောက်ပိုင်းပွဲစဉ်တွေမှာ သိသာထင်ရှားလာတဲ့ အာဆင်နယ်အသင်းရဲ့ ပြဿနာက အထနှေးမှုပါပဲ။ အထူးသဖြင့် ပထမပိုင်းမှာ ဂိုးသွင်းယူဖို့ အတော်လေးရုံးကန်ရတတ်ပြီးတော့ သွင်းဂိုးတွေကို ဒုတိယပိုင်းမှာမှ ပိုညှစ်ကစားပြီး သွင်းယူနေရတာ ၂ နှစ်ပွဲရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီပြဿနာဟာ တိုက်စစ်ပိုင်း စွမ်းဆောင်ရည်အးနည်းချက်နဲ့လည်း တိုက်ရိုက်အချိုးကျနေတယ်လို့ ဆိုရပါလိမ့်မယ်။ ဘာလို့လဲဆိုရင် နယူးကာဆယ်နဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ ပထမပိုင်း ကန်သွင်းခွင့်က ၁၄ ကြိမ်အထိရှိခဲ့ပေမယ့် ဂိုးပေါက် ၂ ကြိမ်သာတည့်ခဲ့ပြီး ဂိုးလည်းမရခဲ့ပါဘူး။ အထနှေးတဲ့ပြဿနာဟာ လယ်ဗယ်တန်းအသင်းတွေနဲ့ အသင်းငယ်တွေကို ရင်ဆိုင်ချိန်မှာမသိသာပေမယ့် အသင်းကြီးတွေနဲ့ထိပ်တိုက်တွေ့ချိန်မှာတော့ ပြဿနာရှိတယ်ဆိုတာကို လီဗာပူးလ်နဲ့ပွဲက သက်သေပြထားပါတယ်။ ဒီပြဿနာဟာ ဒီဇင်ဘာပွဲကျပ်ကာလမှာ အာဆင်နယ်ကို အဓိက ဒုက္ခပေးမယ့် ပြဿနာတစ်ခုဆိုရင်လည်း မမှားပါဘူး။

Leave a Reply