
အာဆင်နယ်အသင်းဟာ မနှစ်တုန်းက အကြွေးတင်ထားတဲ့ ဗီလာကို အိမ်ကွင်းမှာ ခြေစွမ်းအသာ ဂိုးအသာနဲ့ အနိုင်ယူလိုက်နိုင်ပါတယ်။ ပဲလေ့စ်ကို နောက်ကျမိနစ်ဂိုးနဲ့ သရေသာကန်နိုင်ခဲ့တာမို့ စိုးရိမ်ပူပန်စရာဖြစ်နေခဲ့ပေမယ့် ဒီကနေ့မနက်ပွဲစဉ်က အာဆင်နယ်အသင်းရဲ့ ခြေစွမ်းက အတော်လေး အားစရာဖြစ်ပါတယ်။
အသင်းလိုက်ဟန်ချက်ညီညွတ်ပြီး လုပ်အားနှုန်းကောင်းကောင်း စိတ်ဓာတ်ကောင်းကောင်းနဲ့ တက်ညီလက်ညီကစားသွားကြတာမို့ ကြည့်ရတာလည်း မြိုင်လှပါတယ်။

အသင်းကိုရောက်ချိန်ကတည်းက ဂိုးမသွင်းနိုင်ဖြစ်နေတဲ့ ပါတေးတစ်ယောက် ဂိုးပေါက်ပြန်တွေ့ခဲ့သလို စမစ်-ရိုးရဲ့ လုပ်အားနှုန်း၊ အူဘာမီယန်းရဲ့ ပွဲဆက်ဂိုးသွင်းမှုတွေ၊ တာဗာရက်စ်ရဲ့ အမြန်နှုန်းမြင့်ကစားဟန်တွေကြောင့် ပွဲက အတော်လေးကြည့်လို့ကောင်းခဲ့တယ်ဆိုရပါမယ်။
ဒီလို အားရစရာကောင်းတဲ့ပွဲတစ်ပွဲအတွက် မှတ်မှတ်ထင်ထင်အချက်တွေ ထုတ်နှုတ်ရတဲ့အခါ အချက်အလက်ရွေးချယ်ရတာ အင်မတန်မှခက်ခဲပါတယ်။ ဟိုဟာလေးလည်း ရေးချင်၊ ဒီဟာလေးလည်း ထည့်ချင်နဲ့ပေါ့။ ဒါကြောင့် ဒီပွဲရဲ့ မှတ်မှတ်ထင်ထင်ဖြစ်တဲ့ အချက်တွေကို ကိုယ်တိုင်စိတ်တိုင်းကျ ရွေးချယ်ရေးသားခဲ့ပေမယ့် ပရိတ်သတ်တွေ မျှော်လင့်ထားတဲ့အချက်တွေမပါဝင်ခဲ့ဘူးဆိုရင် ကျွန်တော့်အားနည်းချက်သာဖြစ်ပါကြောင်း ကြိုတောင်းပန်ထားပါရစေ။ ဒီနေ့ပွဲစဉ်ရဲ့ မှတ်မှတ်ထင်ထင် အချက် (၅) ချက်ကတော့ အောက်ပါအတိုင်းပါပဲ။

၁။ He’s one of our own
အာဆင်နယ်ပရိတ်သတ်တွေဟာ ပွဲချိန်တစ်လျှောက်လုံးမှာ စမစ်-ရိုး ဘောလုံးရသွားတိုင်း “he’s one of our own” ဆိုပြီး ကြွေးကြော်နေခဲ့ကြပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့နွေရာသီတုန်းက သူတို့ရဲ့ကြယ်ပွင့်လေးကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ ဗီလာအသင်းကို လှောင်ပြောင်လိုတာကြောင့်ပါ။ စမစ်-ရိုးကလည်း ဒီပွဲမှာ အကောင်းဆုံးဘောလုံးသမားဆုရတဲ့အထိ ခြေစွမ်းပြသွားခဲ့တာပါ။ ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးနိုင်ခဲ့ရုံသာမက ထိချက် ၆၆ ကြိမ်၊ ပင်နယ်တီဧရိယာအတွင်း ထိချက် ၄ ကြိမ် (အများဆုံး) ၊ တတိယဇုံအတွင်း ဘောလုံးပေးပို့မှု ၁၇ ကြိမ် (အများဆုံး) ၊ အခွင့်အရေးဖန်တီးမှု ၄ ကြိမ်၊ ဘောလုံးဆယ်ယူမှု ၄ ကြိမ်၊ ဘောလုံး လုယူမှု ၄ ကြိမ်၊ ဖြတ်တင်ဘော ၃ ကြိမ်၊ ဟန့်တားမှု ၂ ကြိမ်၊ ကန်သွင်းချက် ၂ ကြိမ်နဲ့ MOTM ဆုကို ထိုက်ထိုက်တန်တန်ရခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဗြိတိန်မီဒီယာတွေကဆိုရင် စမစ်-ရိုးရဲ့ ပေါက်ကွဲအားနဲ့ အားထုတ်မှုတွေဟာ အာဆင်နယ်အသင်းအတွက် အားတိုးဆေး ထိုးပေးထားသလို တွန်းအားဖြစ်စေတယ်လို့တာင် ချီးမွမ်းခဲ့ကြတာပါ။

၂။ အမြန်နှုန်းမြင့် မုန်တိုင်း
အမြန်နှုန်းမြင့် မုန်တိုင်း ဆိုတဲ့ စကားရပ်ကို The Mirror သတင်းဌာနက သုံးခဲ့တာပါ။ ကျွန်တော်လည်း သဘောကျမိပါတယ်။ အာဆင်နယ်အသင်းရဲ့ ဗီလာနဲ့ပွဲစဉ်က ကစားဟန်ဟာ ပေါက်ကွဲအားပြင်းထန်ပြီး အမြန်နှုန်းကလည်း ကြောက်ခမန်းလိလိကောင်းခဲ့ပါတယ်။ ပထမပိုင်း တစ်ပိုင်းတည်းမှာတင် ဂိုးပေါက် ကန်သွင်းခွင့် ၁၄ ကြိမ်အထိရခဲ့ပြီး အပိုင်အခွင့်အရေး ၆ ကြိမ်အထိရခဲ့တာဟာ အမြန်နှုန်းမြင့်တိုက်စစ်ရဲ့ ထိရောက်မှုကြောင့်ပါပဲ။အဲဒီပွဲစဉ်မှာ ပါဝင်ကစားခဲ့တဲ့ ကစားသမားတစ်ချို့ရဲ့ ပွဲချိန်အခိုက်အတန့်တစ်ချို့မှာ ပြေးလွှားခဲ့ကြတဲ့ ပြေးအားဟာ တစ်နာရီကို မိုင် ၁၀၀ နီးပါးအထိ ရှိခဲ့ပါတယ်။ ဗီလာကို အနိုင်ရခဲ့ရတဲ့အကြောင်းအရင်းမှာ ဒီအချက်က အရေးပါခဲ့ပြီး အာတီတာရဲ့ နည်းဗျူဟာ ထိရောက်ခဲ့တယ်ပဲ ဆိုရမှာပါ။

၃။ ပါတေး ဂိုးပေါက်တွေ့ပြီ
အာဆင်နယ်အသင်းကို ရောက်ရှိလာပြီးကတည်းက ဂိုးပေါက် ပျောက်ဆုံးနေခဲ့တဲ့ ဂါနာလက်ရွေးစင် ကွင်းလယ်လူ သောမတ် ပါတေးဟာ သူ့ရဲ့ဂန်းနားဘဝ ပထမဆုံးသွင်းဂိုးကို စတင်သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ သောမတ် ပါတေးဟာ ဒီကနေ့ မနက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ အီမီလီ စမစ်-ရိုးရဲ့ ထောင့်ကန်ဘောကနေတဆင့် ခေါင်းတိုက်ပြီး သူရဲ့ အာဆင်နယ်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီနွေရာသီအပြောင်းအရွှေ့ကာလ နောက်ဆုံးရက်မှာ အက်သလက်တီကိုကနေ အာဆင်နယ်အသင်းထံကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၅.၅ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာပြီးနောက် တစ်နှစ်ကျော်ကြာမြင့်ချိန်ရောက်မှ ပါတေးတစ်ယောက် ဂန်းနားတွေအတွက် ပထမဆုံးသွင်းဂိုး စတင်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပါတေးဟာ ယမန်နှစ်ရာသီတုန်းက အာဆင်နယ်အသင်းအတွက် ၃၃ ပွဲပါဝင်ကစားခဲ့ရာမှာ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး သွင်းဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ယခုနှစ်ရာသီမှာတော့ ပြိုင်ပွဲစုံ ၇ ပွဲကစားပြီးချိန်မှာ ဂိုးဖန်တီးမှု မပြုလုပ်နိုင်သေးပေမယ့် သွင်းဂိုး ၁ ဂိုးတော့ဖြင့် သွင်းယူပေးထားနိုင်ပြီဖြစ်ပါတာမို့ နောက်ထပ်သွင်းဂိုးတွေ ဆက်လက်မျှော်လင့်ရပါတော့မယ်။

၄။ ပရိတ်သတ် အမုန်းနဲ့ လမ်းဆုံးသွားတဲ့ မာတီနက်ဇ်
ဗီလာနဲ့ပွဲမတိုင်ခင်အထိ ဂိုးသမားဟောင်း မာတီနက်ဇ်အပေါ် သံယောဇဉ်လက်ကျန်ရှိနေသေးတဲ့ အာဆင်နယ်ပရိတ်သတ်တစ်ချို့ဟာ အဲဒီပွဲစဉ်အပြီးမှာတော့ တစ်ခါတည်း ရေစက်ကုန်သွားခဲ့ကြပါတယ်။ လက်ရှိကစားနေတဲ့အသင်းပေါ် စိတ်အားထက်သန်စွာနဲ့ ပေးဆပ်ကစားနေတာက အပြစ်မဟုတ်ပေမယ့် ပွဲချိန်အတွင်း သူ့ရဲ့ အပြုအမူနဲ့ အမူအယာတွေနဲ့ ပွဲမတိုင်ခင် အကြိမ်ကြိမ်အသင်းကို ထိုးနှက်တိုက်ခိုက်ထားမှုတွေ ပေါင်းစပ်သွားချိန်မှာတော့ မာတီနက်ဇ်ကို အမြင်ကပ်စရာ ကစားသမားတစ်ယောက်အဖြစ် ရှုမြင်သွားကြတော့တာပါ။ အာဆင်နယ်ပရိတ်သတ်တွေဟာ ပွဲချိန်တစ်လျှောက်လုံး “He’s better than you (မင်းထက် ရမ်းစ်ဒေးလ်က ပိုကောင်းတယ်)” လို့ အော်ဟစ် လှောင်ပြောင်နေခဲ့ကြတာပါ။ The Mirror က ရေးခဲ့သလိုပါပဲ၊ အာဆင်နယ် ပရိတ်သတ်တွေဟာ မာတီနက်ဇ်အကြောင်းကို ဒီတစ်ကြိမ်နောက်ဆုံးပြောဆိုတာဖြစ်နိင်ပါတယ်။ နောက်တစ်ကြိမ် သူ့အကြောင်း ထပ်ပြီးပြောချင်ကြတော့မယ် မထင်ပါဘူး။

၅။ လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ ခြေလှမ်းအနည်းငယ်အလို
အာဆင်နယ်အသင်းရဲ့ တစ်ဖြည်းဖြည်းခြင်း တိုးတက်လာနေတာ ငြင်းဆိုလို့မရပါဘူး။ အဓိက ပြဿနာက ရလဒ်မတည်ငြိမ်မှုပါ။ ဒါပေမယ့် ပေါလ် မာဆင်ရဲ့ စကားနဲ့ဆက်ရမယ်ဆိုရင် ရှုံးသင့်တဲ့ပွဲတွေ မရှုံးခဲ့တာကိုက တိုးတက်မှုဖြစ်ပါတယ်။ အရင်က ခြေစွမ်းမျိုးနဲ့ဆိုရင် ဘရိုက်တန်၊ ပဲလေ့စ်တို့နဲ့ပွဲတွေက သေချာပေါက် ခြေချော်မယ့်ပွဲတွေပါ။ ခြေစွမ်းမကောင်းချိန်မှာတောင် မရှုံးအောင်ကစားပြနိုင်ခဲ့တာက တိုးတက်မှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒါနဲ့တင်ကျေနပ်လို့တော့ မရသေးပါဘူး။ နိုင်သင့်တဲ့ပွဲတွေနိုင်ဖို့နဲ့ ဂိုးပိုသွင်းနိုင်ဖို့၊ ရလဒ်တည်ငြိမ်ဖို့တွေ ဆက်ပြီးလုပ်ဆောင်ရပါဦးမယ်။ ဗီလာ၊ စပါးတို့နဲ့ပွဲစဉ်တွေက ခြေစွမ်းမျိုးကို အမြဲမျှော်လင့်လို့မရနိုင်သေးတာကို နားလည်ပေမယ့် ဒီလိုမျိုး မကြာခန ကစားပြနိုင်ဖို့တော့လိုပါတယ်။ လက်ရှိအာဆင်နယ်ကစားထားတဲ့ နောက်ဆုံး EPL ၅ ပွဲမှာ ၃ ပွဲနိုင် ၂ ပွဲသရေဆိုတဲ့ရလဒ်ဟာ ချယ်လ်ဆီးပြီးရင် ပရီးမီးယားလိဂ်မှာ အကောင်းဆုံးရလဒ်ပါ။ ရာသီကုန်ချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို အရယူဖို့ဆိုရင်တော့ ဒီထက်ရလဒ်ပိုတည်ငြိမ်ဖို့ လိုအပ်ဦးမှာဖြစ်ပေမယ့် တိုးတက်မှုလက္ခဏာတွေကြောင့် ဖြစ်နိုင်ခြေ ပိုများလာပြီလို့တော့ ယုံကြည်မိပါတယ်။