
အာဆင်နယ်ကွင်းလယ်လူဟောင်း ဂျက် ဝီလ်ရှီးယားက အသင်းအနေနဲ့ လက်တလောမှာ ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်နေရပေမယ့်လည်း လက်ရှိနည်းပြ မီခယ် အာတီတာအပေါ် ယုံကြည်မှုဆက်လက်ထားရှိပြီး အချိန်ပေးစောင့်ကြည့်ဖို့ ပရိတ်သတ်တွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။
အသက် ၂၉ နှစ်အရွယ် အာဆင်နယ်ကွင်းလယ်လူဟောင်းကတော့ တချိန်က သူ့ရဲ့အသင်းဖော်ဖြစ်ခဲ့ဖူးတဲ့ အာတီတာအပေါ် အပြည့်အဝယုံကြည်မှုရှိနေဆဲဖြစ်ပြီး စပိန်သားဟာ အာဆင်နယ်အသင်းအတွက် သင့်လျော်မှုအရှိဆုံးနည်းပြဖြစ်တယ်လို့ ထောက်ခံပြောဆိုသွားပါတယ်။

“ခုအခြေအနေက သူတို့အတွက် စိတ်ပျက်စရာဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောချင်တာ တစ်ခုကတော့ အာတီတာဟာ အာဆင်နယ်အသင်းအတွက် သင့်လျော်မှန်ကန်တဲ့ ပုဂ္ဂိုလ်ဆိုတာပါပဲ” လို့ သူက ဆိုခဲ့တာပါ။
“သတင်းတွေကို ကျွန်တော်လည်း ဖတ်ရပါတယ်။ သတင်းစာတွေနဲ့ ဆိုရှယ်မီဒီယာတွကနေ တဆင့်ပေါ့။ တချို့လူတွေက သူ့ကို ဒီရာထူးကနေ နှုတ်ထွက်စေချင်နေကြတယ်ဆိုတာကို သိပါတယ်။ ဒါပေမယ့် ကျွန်တော် ထင်တာကတော့ သူ့အနေနဲ့ အခြေခိုင်ပြီး ကောင်းမွန်တဲ့အသင်းတစ်သင်းဖြစ်အောင် ကြိုးစားတည်ဆောက်နေတယ်ဆိုတာပါပဲ။ ဒီလိုလုပ်ဆောင်ချက်မျိုးဟာ အမြဲတမ်းအချိန်ယူရတတ်တာ သဘာဝပါ” လို့ ကွင်းလယ်လူဟောင်း ဂျက် ဝီလ်ရှီးယားက The Athletic ကို ပြောဆိုခဲ့ပါတယ်။

“လက်ရှိအခြေအနေက ကျွန်တော့်ကိုလည်း နာကျင်စေပါတယ်။ အသင်းက အနည်းငယ် ကျဆင်းနေတယ် မဟုတ်လား။ ချန်ပီယံလိဂ်လည်း မဝင်တော့ဘူးလေ။ ချန်ပီယံလိဂ်ဝင်ခွင့်မရတာကိုတော့ တော်တော်လေးစိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ ဒီပြိုင်ပွဲလို ထိပ်တန်းစိတ်ခေါ်မှုမျိုးတွေ လိုအပ်ပါတယ်။ ခုတော့ မစွမ်းဆောင်နိုင်သေးပါဘူး။ ယူရိုပါလိဂ်ကိုတောင် မရေမရာဖြစ်နေတာပါ။ ဒါပေမယ့် အသင်းက ခုချိန်မှာ အရမ်းကောင်းတဲ့ လူငယ်ကစားသမားအစုအဖွဲ့ကို ပိုင်ဆိုင်ထားပါတယ်။ အသင်းမှာ မျှော်လင့်ချက်တွေ ရှိနေပါသေးတယ်” လို့ ဝီလ်ရှီးယားက ဆိုသွားပါတယ်။
အာတီတာကိုင်တွယ်နေတဲ့ အာဆင်နယ်အသင်းဟာ ရာသီအဖွင့်ပွဲစဉ် ၂ ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ပြီးတဲ့နောက် ဒီကနေ့မနက်မှာကစားတဲ့ ဝက်စ်ဘရွမ်းအသင်းနဲ့ပွဲစဉ်မှာ ဝ-၆ ရလဒ်နဲ့ ပြတ်ပြတ်သားသား နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။
Source: The Athletic, Metro, Caught Offside