အာတီတာအတွက် ၅ ပွဲသာ အချိန်ရ၊ ကွန်တီ အစားဝင်ဖို့ ရေပန်းစား

အာဆင်နယ်အသင်း ဘုတ်အဖွဲ့ဟာ အသင်းကို လမ်းကြောင်းမှန်ပေါ်ပြန်ဆွဲတင်ဖို့အတွက် နည်းပြအာတီတာကို ပွဲစဉ် ၅ ပွဲသာ အချိန်ပေးအပ်ထားကြောင်း Telegraph သတင်းစာက ဖော်ပြလိုက်ပါတယ်။

စပိန်လူမျိုးနည်းပြ မီခယ် အာတီတာအနေနဲ့ နောက်ထပ်ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲဖြစ်တဲ့ မန်စီးတီး၊ နော်ဝစ်ချ်၊ ဘန်လေ၊ စပါး၊ ဘရိုက်တန်တို့နဲ့ ပွဲစဉ်တွေမှာ အမှားအယွင်းမရှိဖြတ်ကျော်နိုင်ဖို့ လိုအပ်နေပြီး အဆိုပါပွဲစဉ်တွေမှာ ရလဒ်မကောင်းခဲ့ဘူးဆိုရင် (ဘရိုက်တန်နဲ့ပွဲအပြီး) အောက်တိုဘာ နိုင်ငံတကာပွဲစဉ် ရက်သတ္တပတ်မှာ ရာထူးက်လွှတ်ရမှာဖြစ်တယ်လို့ Telegraph က သတင်းထောက် မတ်လောက ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်တလောမှာ ရလဒ်ဆိုးတွေ ဆက်တိုက်ကြုံတွေ့နေရပြီး ရာသီအဖွင့် ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲလုံးကို ဆက်တိုက်အရေးနိမ့်ထားပြီး သွင်းဂိုးလည်း တစ်ဂိုးမှ မရှိသေးပါဘူး။ လက်ရှိအနေအထားကို အာဆင်နယ်အသင်းပရိတ်သတ်တွေက အကြီးအကျယ်စိတ်ဆိုးဒေါသထွက်နေသလို ယခုနှစ်နွေရာသီမှာ ပေါင် သန်း ၁၃၀ အထိငွေကြေးစိုက်ထုတ်ပြီး ကစားသမားဖြည့်တင်းပေးထားတဲ့ ဘုတ်အဖွဲ့ကလည်း စိတ်ပျက်နေပါတယ်။

ဒါကြောင့်လည်း နည်းပြအာတီတာနေရာမှာ အစားထိုးဖို့ နည်းပြသစ်ရှာဖွေနေပြီး လက်တလောမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ အီတလီလူမျိုးနည်းပြ အန်တိုနီယို ကွန်တီက ရေပန်းအစားဆုံးဖြစ်နေကြောင်း သိထားရပါတယ်။

မတ် လောကတော့ အာဆင်နယ်အသင်းဘုတ်အဖွဲ့အနေနဲ့ ကွန်တီကို အလိုရှိတယ်ဆိုရင် စိတ်ကြိုက်ငွေကြေး သုံးစွဲခွင့်နဲ့ ဆုဖလားအောင်မြင်မှုတွေအတွက် အပြည့်အဝပံ့ပိုးမှုပေးမယ်ဆိုတဲ့ ကတိကဝတ်မျိုးနဲ့ ချဉ်းကပ်မယ်ဆိုရင် ရနိုင်တယ်လို့ ဆိုသွားပါတယ်။

လက်တလောမှာတော့ ကွန်တီဟာ အာဆင်နယ်နည်းပြဖြစ်လာဖို့ အပြတ်အသတ်ရေပန်းစားနေပြီး ကာယကံရှင်ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ကို ပြန်လာချင်နေတာမို့ အာတီတာသာ ရလဒ်တွေပြန်လည်ကောင်းမွန်လာအောင် မဖန်တီးနိုင်ခဲ့ဘူးဆိုရင် လာမယ့် အောက်တိုဘာလမှာ ကွန်တီကို အာဆင်နယ်နည်းပြသစ်အဖြစ် မြင်တွေ့ရနိုင်ခြေများနေတယ်လို့ ဆိုရမှာပါ။

Source: Telegraph

Leave a Reply