အာရွမ် ရမ်းစ်ဒေးလ်ကို ခေါ်ယူနိုင်တော့မယ်လို့ အာတီတာ အတည်ပြု

အာဆင်နယ်အသင်းရဲ့ နည်းပြ မီခယ် အာတီတာက ချယ်လ်ဆီးနဲ့ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ သူတို့အနေနဲ့ အင်္ဂလန်လက်ရွေးစင် ဂိုးသမား အာရွမ် ရမ်းစ်ဒေးလ်ကိုခေါ်ယူနိုင်တော့မှာဖြစ်တယ်လို့ ကြိုတင်အတည်ပြုပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ကစားသမားခေါ်ယူမှုတွေမှာ တရားဝင်ကြေညာခြင်းမပြုခင် ကြိုတင်ထုတ်ပြောတာမျိုး လုပ်လေ့လုပ်ထမရှိတဲ့အသင်းဖြစ်တာမို့ အာတီတာရဲ့ ပြောဆိုချက်ဟာ အာဆင်နယ်ပရိတ်သတ်တွေသာမက မီဒီယာတွေကိုပါ အံ့အားသင့်စေခဲ့ပါတယ်။

နည်းပြအာတီတာက အာရွမ် ရမ်းစ်ဒေးလ်ဟာ မကြာခင်မှာ အာဆင်နယ်ကစားသမားဖြစ်လာတော့မှာဖြစ်ပြီး စာရွက်စာတမ်းကိစ္စတွေ ပြီးပြတ်ဖို့ကိုသာ စောင့်ဆိုင်းစရာရှိတော့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ “မကြာခင်မှာ တွေ့ရမှာပါ။ စာရွက်စာတမ်း ကိစ္စလေးတွေ ကျန်ရှိနေတာကြောင့်ပါ။ ဆေးစစ်မှုလည်း ခံယူပြီးသွားပါပြီ။ ဒါပေမယ့် ရှက်ဖီးလ်ဒ်နဲ့ ကိစ္စတစ်ချို့ ပြီးပြတ်အောင်လုပ်ဖို့ ကျနေပါသေးတယ်” လို့ သူက ဆိုခဲ့ပါတယ်။

“အာရွမ်က ငယ်ရွယ်ပြီး ပါရမီကောင်းတဲ့ ဂိုးသမားတစ်ယောက်ပါ။ ဒါပေမယ့် သူဟာ လူသာငယ်တာ အတွေ့အကြုံ များပါတယ်။ သူက အသင်းကို ပြိုင်ဆိုင်မှု ပိုမိုအားကောင်းလာစေမယ့်သူပါ။ အရည်အသွေးမြင့်တဲ့ ပြိုင်ဆိုင်မှုမျိုး၊ အားကောင်းတဲ့ပြိုင်ဆိုင်မှုမျိုးပေါ့ဗျာ။ ကျွန်တော်တို့ အလိုရှိတဲ့ ဂိုးသမားမျိုးပါပဲ” လို့လည်း အာတီတာက ဆိုခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းဟာ ရှက်ဖီးလ်ဒ် ယူနိုက်တက်အသင်းက အသက်၂၃ နှစ်အရွယ် ဂိုးသမား အာရွမ် ရမ်းစ်ဒေးလ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၄ သန်း (+အပိုဆုကြေး ပေါင် ၆ သန်း) နဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီချက်ရရှိထားပြီး လာမယ့်နာရီပိုင်းအတွင်း အပြောင်းအရွှေ့ကိစ္စရပ်တွေကို အပြီးသတ်နိုင်ဖွယ်ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ ယခုနှစ်နွေရာသီမှာ နူနို တာဗာရက်စ်၊ ဆမ်ဘီ လိုကွန်ဂါ၊ ဘန်ဝှိုက်၊ မာတင် အိုဒီဂတ်တို့ကို ခေါ်ယူထားပြီး အာရွမ် ရမ်းစ်ဒေးလ်ဟာ အသင်းရဲ့ ၅ ဦးမြောက်ခေါ်ယူမှုဖြစ်လာမှာဖြစ်သလို နောက်ထပ် ကစားသမားခေါ်ယူမှုအသစ်တွေ ထပ်မံပြုလုပ်ဖို့လည်း စီစဉ်နေပါတယ်။

Source: Arsenal Media, Metro

Leave a Reply