
အင်္ဂလန်လက်ရွေးစင် ဂိုးသမားဟောင်း ဒေးဗစ် ဂျိမ်းစ်ကတော့ အာဆင်နယ် ကစားသမားသစ်ဖြစ်လာတော့မယ့် ရှက်ဖီးလ်ဒ် ယူနိုက်တက်ဂိုးသမား အာရွမ် ရမ်းစ်ဒေးလ်ဟာ လက်ရှိဂိုးသမား ဘန်းဒ် လီနိုကို ကျော်ဖြတ်ပြီး ပွဲထွက်ဂိုးသမားဖြစ်လာလိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ အရံဂိုးသမားတစ်ဦးကို ပေါင် သန်း ၃၀ ပေးချေခေါ်ယူခဲ့တာဖြစ်ပြီး ဒါဟာ ရူးမိုက်တဲ့ အပြောင်းအရွှေ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဝေဖန်မှုတွေရှိနေချိန်မှာ ဂျိမ်းစ်က ခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။

“ရမ်းစ်ဒေးလ်က လျှင်မြန်မှုရှိပြီး အရေးပါတဲ့ကာကွယ်မှုတွေ ထိထိရောက်ရောက် စွမ်းဆောင်ပေးနိုင်သူပါ။ နောက်ပြီး လူတွေက မေးလာနိုင်ပါတယ်။ သူက ဘောလုံးကောင်းကောင်း ဖြန့်ဝေနိုင်ရဲ့လားပေါ့။ ဒီအချက်က သူ့အတွက် ပြဿနာမဟုတ်ပါဘူး။ ပြောရရင် သူက ကွင်းလယ်မှာ တက်ကစားလို့ရလောက်တဲ့အထိ ဘောလုံးဖြန့်ဝေမှုကောင်းပါတယ်။ ပြောရရင် အင်္ဂလန်မှာ သူရယ် ပစ်ဖို့ဒ်ရယ်ဟာ ဒီလိုကစားနိုင်စွမ်းရှိတဲ့ အကောင်းဆုံး ဂိုးသမားတွေပါပဲ” လို့ ဂျိမ်းစ်က ဆိုသွားပါတယ်။
“ဒီတော့ ရမ်းစ်ဒေးလ်က လီနိုကို ကျော်ဖြတ်ပြီး နံပါတ် ၁ ပွဲထွက်ဂိုးသမားဖြစ်လာနိုင်သလားဆိုရင် ဖြစ်လာနိုင်တာပေါ့။ သူက လက်စွမ်း ဆက်လက်တိုးတက်လာဦးမှာဖြစ်သလို လီနိုမလုပ်နိုင်တာတွေကိုလည်း လုပ်နိုင်စွမ်းရှိသူပါ။ သူ့အနေနဲ့ ချက်ခြင်း နံပါတ် ၁ ဖြစ်မဖြစ်ကို မပြောနိုင်သေးပေမယ့် ခုလိုဆက်လက်တိုးတက်နေဦးမယ်ဆိုရင် အာဆင်နယ်ရဲ့ နံပါတ် ၁ အဖြစ် အသင်းမှာ အချိန်အကြာကြီးတည်ရှိနေမယ့်သူပါ” လို့လည်း အင်္ဂလန်လက်ရွေးစင်ဟောင်းကြီးက ဆိုသွားပါသေးတယ်။

ဂျိမ်းစ်ကတော့ ရမ်းစ်ဒေးလ်ကို ခေါ်ယူခဲ့တာဟာ အာဆင်နယ်အသင်းအတွက် မှန်ကန်သင့်လျော်တဲ့ ဆုံးဖြတ်ချက်မျိုးဖြစ်ပြီး ၂၃ နှစ်အရွယ် အင်္ဂလိပ်လက်ရွေးစင်ဟာ ဂန်းနားတွေရဲ့ ခံစစ်ပိုင်းနဲ့ ကစားကွက်ပိုင်းတွေကို တိုးတက်စေလိမ့်မယ်လို့လည်း ဆိုသွားခဲ့ပါတယ်။
အာရွမ် ရမ်းစ်ဒေးလ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်ရဲ့ ဘောလုံးဖြန့်ဝေမှု အကောင်းဆုံးဂိုးသမားတွေထဲမှာ ပါဝင်ခဲ့ပြီး နည်းပြအာတီတာအလိုရှိတဲ့ Ball-playing Keeper တစ်ဦးဖြစ်ပါတယ်။ ဒါကြောင်လည်း ဂန်းနားတွေဟာ သူ့အတွက် ရှက်ဖီးလ်ဒ်အသင်းတောင်းဆိုတဲ့ ပေါင် သန်း ၃၀ (ကနဦးပြောင်းရွှေ့ကြေး ပေါင် ၂၄ သန်း + အပိုဆုကြေး ပေါင် ၆ သန်း) ပေးချေဖို့ လိုက်လျောခဲ့တာဖြစ်ပါတယ်။
Source: Sky Sports, HITC