အိုဒီဂတ်ကို ရည်မှန်းချက်မရှိတဲ့ ကစားသမားလို့ စပိန်မီဒီယာတွေ ဝေဖန်

အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာတော့မယ့် ရီးရဲလ်မက်ဒရစ် ကွင်းလယ်ဖန်တီးရှင် မာတင် အိုဒီဂတ်ကို ရည်မှန်းချက်မရှိတဲ့ ကစားသမားလို့ စပိန်မီဒီယာတွေက ဝေဖန်ရေးသားခဲ့ကြပါတယ်။

အသက် ၂၂ နှစ်အရွယ် နော်ဝေလက်ရွေးစင်ကွင်းလယ်လူဟာ ပွဲထွက်ခွင့်အာမခံချက်မပေးနိုင်တဲ့ ရီးရဲလ်ကို စွန့်ခွာပြီး ယမန်နှစ်ရာသီတုန်းက အငှားသွားရောက်ကစားပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ဖူးတဲ့ အာဆင်နယ်အသင်းထံ ပြန်လည်ပြောင်းရွှေ့ကစားတော့မှာပါ။

သတင်းတွေအရ အာဆင်နယ်အသင်းဟာ အိုဒီဂတ်ကို ပေါင် သန်း ၃၀ နဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီချက်ရရှိထားပြီဖြစ်ပြီး ထိပ်တန်းသတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ပြောဆိုချက်အရဆိုရင် အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့အတွက် ဆေးစစ်မှုခံယူဖို့နဲ့ စာချုပ်ချုပ်ဆိုဖို့တို့သာ ကျန်ရှိတော့တယ်လို့ သိထားရပါတယ်။

အာဆင်နယ်ထံ ပြောင်းရွှေ့ခွင့်ရဖို့ ရီးရဲလ်ကို ဖိအားတွေပေးခဲ့တဲ့ အိုဒီဂတ်ကို စပိန်အခြေစိုက် သတင်းဌာနတွေကတော့ မျက်စိစပါးမွှေးစူးခဲ့ကြဟန်တူပါတယ်။ ဒါကြောင့်လည်း အိုဒီဂတ်ဟာ ပွဲထွက်ခွင့်တိုက်ပွဲဝင်ဖို့ မကြိုးစားပဲ အသင်းပြောင်းပြီး ထွက်ပြေးဖို့ ကြိုးပမ်းတယ်လို့ ရေးသားခဲ့ကြပါတယ်။

စပိန်ထိပ်တန်းမီဒီယာကြီးဖြစ်တဲ့ AS ကဆိုရင်လည်း နော်ဝေသားဟာ ရည်မှန်းချက်မရှိတဲ့ ကစားသမားမျိုးဖြစ်တာကြောင့်သာ ရီးရဲလ်ကိုစွန့်ခွာပြီး အာဆင်နယ်ထံ ပြောင်းရွှေ့ဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ ပြင်းပြင်းထန်ထန်ရေးသားဖော်ပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ကာလို အန်ဆယ်လော့တီဟာ အစောပိုင်းကာလတွေတုန်းက အိုဒီဂတ်ကို အရေးပေးဆက်ဆံခဲ့ပေမယ့်လည်း အသင်းရဲ့ကစားကွက်ကို No.10 role မပါဝင်တဲ့ ၄-၃-၃ စနစ်ကို ပြောင်းလဲခဲ့ပြီးတဲ့နောက်မှာတော့ နော်ဝေသားထက် အစ္စကို ကို ပိုအလေးပေးလာခဲ့ပြီး အဆိုပါအချက်ဟာ အိုဒီဂတ်နဲ့ ရီးရဲလ်တို့ ခွာပြဲခဲ့ရတဲ့အဓိက အကြောင်းအရင်းလို့ Sport Witness က ဖော်ပြခဲ့ပါတယ်။

Source: Sport Witness, AS

Leave a Reply