အိုဒီဂတ်တစ်ယောက် ချယ်လ်ဆီးနဲ့ပွဲမှာ ပါဝင်ကစားခွင့်ရမလား

အာဆင်နယ်အသင်းအနေနဲ့ ပေါင် သန်း ၃၀ နဲ့ ခေါ်ယူဖို့ သဘောတူညီချက်ရရှိထားတဲ့ ကွင်းလယ်လူ မာတင် အိုဒီဂတ်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်မှာ ထည့်သွင်းကစားခွင့်ရဖို့အတွက် အရှိန်မြှင့်တင်ကြိုးပမ်းနေတယ်လို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။

ချယ်လ်ဆီးနဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ အိုဒီဂတ်တစ်ယောက်ပါဝင်ကစားဖို့ အာဆင်နယ်အသင်းဘက်က အလိုရှိနေသလို ကာယကံရှင်နော်ဝေသားကလည်း စိတ်အားထက်သန်နေပါတယ်။ ဒါကြောင့်လည်း နော်ဝေသားဟာ အာဆင်နယ်နဲ့ မက်ဒရစ်ကလပ်တို့အကြား သဘောတူညီချက်တရားဝင် မရရှိခင်ကတည်းက လန်ဒန်ကို လာရောက်ခဲ့ပြီး ဆေးစစ်မှုကိုလည်း ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့တုန်းက အလျှင်အမြန်လုပ်ဆောင်ခဲ့ပါတယ်။

နော်ဝေမီဒီယာ VG ရဲ့ ဖော်ပြချက်အရတော့ အာဆင်နယ်အသင်းက ခုလိုမျို အိုဒီဂတ်ကို တနင်္ဂနွေနေ့မှာကစားမယ့် ပွဲစဉ်မှာ ထည့်သွင်းကစားခိုင်းဖို့ အပိုင်စီစဉ်နေရတဲ့အကြောင်းအရင်း ၂ ချက်ရှိတယ်လို့ ဆိုပါတယ်။

တစ်ချက်ကတော့ အိုဒီဂတ်ဟာ ကိုဗစ်ရောဂါ ကာကွယ်ဆေးကို အပြည့်အဝထိုးနှံပြီးဖြစ်နေတာမို့ အင်္ဂလန်မှာ ကွာရန်တင်းဝင်စရာ မလိုအပ်တော့တဲ့အချက်ဖြစ်ပြီး ဒုတိယတစ်ချက်ကတော့ နော်ဝေသားဟာ ယမန်နှစ်တုန်က အသင်းနဲ့ ၆ လကြာ ဖြတ်သန်းခဲ့သူဖြစ်တာကြောင့် အသင်းရဲ့ နည်းစနစ်တွေနဲ့ ကစားကွက် ကစားဟန်တွေကို အသားကျနေသူဖြစ်နေတာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ ခုချိန်မှာတော့ အိုဒီဂတ်ကို ပေါင် သန်း ၃၀ (ယူရို ၃၅ သန်း) နဲ့ ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ သဘောတူညီချက် ရရှိထားပြီးဖြစ်ပေမယ့် ကာယကံရှင်နဲ့ စာချုပ်ချုပ်ဆိုဖို့နဲ့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ထံ မှတ်ပုံတင်ဖို့ ကိစ္စတွေကို ဆောင်ရွက်ဖို့ ကျန်ရှိနေပါသေးတယ်။

ဒါကြောင့် အာဆင်နယ်အသင်းဟာ စာရွက်စာတမ်းကိစ္စတွေကို အလျှင်အမြန်အပြီးသတ်နေပြီး ဒီကနေ့ လန်ဒန်စံတော်ချိန် နေ့လယ် ၁ နာရီ (မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ) အမှီ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ထံ မှတ်ပုံတင်နိုင်ဖို့ အားထုတ်နေပါတယ်။ စည်းမျဉ်းတွေအရ အိုဒီဂတ်အနေနဲ့ ယခုတစ်ပတ်မှာ ပါဝင်ကစားခွင့်ရဖို့ဆိုရင် သောကြနေ့လယ် ၁ နာရီမတိုင်မှီ မှတ်ပုံတင်နိုင်ဖို့ လိုအပ်တာကြောင့်ဖြစ်ပါတယ်။

Source: AS

Leave a Reply