အိုဒီဂတ်အတွက် အာဆင်နယ်က အောင်မြေဖြစ်လာမလား

နော်ဝေလက်ရွေးစင် နည်းပြဟောင်း ပါ-မာသစ် ဟော့ဂ်မိုက မာတင် အိုဒီဂတ်တစ်ယောက် အာဆင်နယ်အသင်းထံ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး အမ်းမရိတ်မှာ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ထုတ်ဖော်နိုင်လိမ့်မယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင် အိုဒီဂတ်ဟာ အာဆင်နယ်အသင်းထံ အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် ပထမဆုံးပါဝင်ကစားတဲ့ ဝက်စ်ဘရွမ်းနဲ့ပွဲစဉ်မှာ ၆၁ မိနစ်သာ ပါဝင်ကစားခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ ကြိမ်လည်းပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

အိုဒီဂတ်ပါဝင်လာခြင်းနဲ့အတူ အာဆင်နယ်အသင်းရဲ့ ကစားကွက်ဟာ ပြောင်းလဲသွားခဲ့ပြီး ကွင်းလယ်လုပ်အားနှုန်းနဲ့ တိုက်စစ်ပိုင်းစွမ်းဆောင်ရည်တွေလည်း ထက်မြက်လာခဲ့သလို အိုဒီဂတ် ပါဝင်ကစားခဲ့တဲ့ ပွဲချိန် ၆၁ မိနစ်အတွင်း အာဆင်နယ်အသင်းဘက်က သွင်းဂိုး ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။ ပွဲပြီးချိန်မှာတော့ ဂန်းနားတွေဟာ ဝ-၆ ဆိုတဲ့ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။

နော်ဝေနည်းပြဟောင်း ဟော့ဂ်မိုကတော့ အာဆင်နယ်အသင်းဟာ အိုဒီဂတ်ရဲ့ အောင်မြေဖြစ်တယ်လို့ဆိုခဲ့ပြီး ဒီအသင်းကို ပြောင်းရွှေ့ခဲ့တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့လည်း ဆိုသွားခဲ့ပါတယ်။ “ခုလို အာဆင်နယ်ဆီကို အပြီးသတ်ပြောင်းရွှေ့ခဲ့တာက သူ့အတွက် အရမ်းကောင်းတဲ့ ရွေးချယ်မှုပါ။ အဲဒီမှာက သူ့အပေါ် အပြည့်အဝယုံကြည်မှုရှိတဲ့ နည်းပြလည်းရှိတယ်။ အာဆင်နယ်ရဲ့ ကစားဟန်ကလည်း သူနဲ့ အံဝင်မှုရှိတယ်။ ဒီမှာဆို သူ့အတွက်က အရာရာ ရေကန်အသင့် ကြာအသင့်ပါပဲ။ နောက်ပြီး လိဂ်ကလည်း ကမ္ဘာ့အကောင်းဆုံးလိဂ်လေ” လို့ သူက နော်ဝေသတင်းစာ Verdens Gang ကို ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အိုဒီဂတ်ရဲ ရေရှည်စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့လည်း “မာတင် အဲဒီမှာ စွမ်းဆောင်ပြမယ့်အရာတွေကို ကြိုပြီးတွေးကြည့်ရင်းနဲ့တောင်မှ စိတ်လှုပ်ရှားမိပါတယ်။ သူ့ရဲ့ ဘောလုံးအမြင်တွေ၊ ကစားကွက်ကို မောင်းနှင်နိုင်စွမ်းတွေ၊ ကွင်းလယ်ကို ထိမ်းကျောင်းနိုင်စွမ်းတွေက အငှားချထားစဉ်ကတည်းက သက်သေပြထားပြီးသားအရာတွေပါ။ ခုချိန်မှာ ပိုလို့တောင် တိုးတက်လို့လာပါလိမ့်ဦးမယ်။ သူ့ရဲ့ အကောင်းဆုံးအခိုက်အတန့်တွေက ဆိုစီဒက်နဲ့ အာဆင်နယ်မှာပါ။ ဒါကြောင့် အာဆင်နယ်မှာ နောက်ထပ်တစ်ကြိမ် စိတ်လှုပ်ရှားစရာတွေ ထပ်လုပ်ဆောင်ပြပါလိမ့်မယ်” လို့ သူက ဆိုခဲ့ပါသေးတယ်။

အသက် ၂၂ နှစ်အရွယ် နော်ဝေလက်ရွေးစင် ကွင်းလယ်လူ မာတင် အိုဒီဂတ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ရီးရဲလ်မက်ဒရစ်အသင်းကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ နဲ့ ပြောင်းရွှေ့လာခဲ့သူပါ။ အိုဒီဂတ်ဟာ ယမန်နှစ်ရာသီ ဒုတိယရာသီဝက်တုန်းကလည်း အာဆင်နယ်အသင်းမှာ ၆ လ အငှားလာရောက်ကစားခဲ့ဖူးပါတယ်။

Source: Inside Football, Verdens Gang

Leave a Reply