အိုဒီဂတ် အာဆင်နယ်ကို ပြောင်းရွှေ့နိုင်ခြေရှိနေကြောင်း ထိပ်တန်းသတင်းထောက်ပြော

Sky Sports က အီတလီလူမျိုး ထိပ်တန်းသတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မာတင် အိုဒီဂတ်အနေနဲ့ ယခုနှစ်ရာသီမှာ အာဆင်နယ်ကစားသမားဖြစ်လာဖို့ အလားအလာကောင်းတွေ ရှိနေတယ်လို့ ပြောဆိုသွားပါတယ်။

အသက် ၂၂ နှစ်အရွယ် နော်ဝေလက်ရွေးစင်ကွင်းလယ်လူ မာတင် အိုဒီဂတ်ဟာ ယမန်နှစ်ရာသီတုန်းက အာဆင်နယ်အသင်းမှာ ရာသီဝက်အငှားလာရောက်ကစားခဲ့ဖူးပြီး ခြေစွမ်းပြသနိုင်ခဲ့တာမို့ ဂန်နားတွေက ယခုအပြောင်းအရွှေ့ကာလမှာ အပြီးသတ်ခေါ်ယူဖို့ အပြင်းအထန်ကြိုးပမ်းနေပါတယ်။

ဒါပေမယ့်လည်း ကာယကံရှင်ကိုယ်တိုင်က သူ့အနေနဲ့ မက်ဒရစ်ကလပ်မှာသာ ဆက်ရှိနေဖို့ အခွင့်အလမ်းများနေကြောင်း ပြီးခဲ့တဲ့ရက်အနည်းငယ်က ထုတ်ဖော်ပြောဆိုသွားတာကြောင့် အာဆင်နယ်အသင်းအနေနဲ့ အဆိုပါကွင်းလယ်ဖန်တီးရှင်ကို ခေါ်ယူဖို့ အခွင့်အလမ်းမရှိသလောက်ဖြစ်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အပြောင်းအရွှေ့ ဂုရုတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ ဖာဘရီဇီယို ရိုမာနိုကတော့ အဆိုပါသတင်းတွေကို ငြင်းဆန်သွားခဲ့ပြီး အိုဒီဂတ်ဟာ ယခုနှစ်နွေရာသီမှာပဲ အာဆင်နယ်ကစားသမားဖြစ်လာနိုင်တယ်လို့ အခိုင်အမာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

“သူ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာနိုင်ခြေရှိသေးသလို စွန့်ခွာဖြစ်ခဲ့မယ်ဆိုရင်လည်း အာဆင်နယ်အသင်းက ခေါ်ယူဖို့ သေချာပေါက်ကြိုးပမ်းသွားမှာပါ။ သူက အာဆင်နယ်အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်နေဆဲပါ။ သူတို့အနေနဲ့ ဖြစ်နိုင်ခြေ ၁% လောက်ပဲရှိနေခဲ့မယ်ဆိုရင်တောင်မှ အိုဒီဂတ်ကို ခေါ်ယူဖို့ ကျားကုတ်ကျားခဲ ကြိုးပမ်းသွားမှာ သေချာနေပါတယ်။ နောက်တစ်ချက်က ခုချိန်မှာ မက်ဒရစ်ကိုယ်တိုင်က အိုဒီဂတ်ကို ရောင်းထုတ်ဖို့ စဉ်းစားနေတယ်ဆိုတာပါပဲ။ ရီးရဲလ်ရဲ့ အပြီးသတ်ဆုံးဖြတ်ချက်ကိုပဲ စောင့်ကြည့်ရမှာပါ။ အာဆင်နယ်ကတော အခွင့်အရေးရတာနဲ့ ခေါ်မှာပါ” လို့ ရိုမာနိုက ပြောဆိုသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌဖြစ်သူ ဖလော်ရင်တီနို ပီရက်ဇ်ကတာ့ အသင်းရဲ့ ကစားသမားအလွန်အကျွံ ပိုလျှံနေတဲ့ ပြဿနာကြောင့် ယခုနှစ်နွေရာသီမှာ မာတင် အိုဒီဂတ်ကို ရောင်းထုတ်ဖွယ်ရှိကြောင်း ပြင်သစ်မီဒီယာ Le10 Sport ကို ယမန်နေ့တုန်းကပဲ ထုတ်ဖော်ပြောဆိုသွားတာမို့ အာဆင်နယ်အသင်းအနေနဲ့ အခွင့်အရေးကောင်းရလာပြီလို့ ဆိုရတော့မှာပါ။

Source: The Sport Review, Le10 Sport

Leave a Reply