အူဘာမီယန်းတစ်ယောက် သူ့အပေါ် သံသယဝင်နေသူတွေ မှားယွင်းကြောင်း ရာသီသစ်မှာ သက်သေပြနိုင်မှာလား

အာဆင်နယ်တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ ပေါလ် ဒစ်ကော့ဗ်က လက်ရှိအသင်းခေါင်းဆောင်ဖြစ်တဲ့ တိုက်စစ်မှူး အူဘာမီယန်းအနေနဲ့ သူ့ရဲ့ ခြေစွမ်းအပေါ် သံသယရှိနေသူတွေရဲ့ မယုံကြည်မှုတွေကို ယခုရာသီမှာ ခြေဖျက်နိုင်လိမ့်မယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

လက်ရှိအသင်းလူစာရင်းမှာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ အူဘာမီယန်းဟာ ပြီးခဲ့တဲ့ရာသီတုန်းကတော့ စာချုပ်သစ်ဖိအား၊ ကျန်းမာရေးပြဿနာတွေနဲ့ မိသားစုအရေးကိစ္စတွေကြောင့် ကွင်းတွင်းခြေစွမ်းကျဆင်းခဲ့ပြီး တစ်ရာသီလုံးမှာ သွင်းဂိုး ၁၅ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

ယခုရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်တဲ့အနေနဲ့ အာဆင်နယ်အသင်းကစားနေတဲ့ ခြေစမ်းပွဲစဉ်တွေမှာလည်း အူဘာမီယန်းတစ်ယောက် ခြေစွမ်းမပြသနိုင်သေးပဲ သွင်းဂိုးလည်း တစ်ဂိုးမှ မသွင်းယူနိုင်သေးပါဘူး။

ခုလိုအခြေအနေတွေကြောင့် ဂါဘွန်တိုက်စစ်မှူးအနေနဲ့ မကြာခင်မှာစတင်တော့မယ့် ရာသီသစ်မှာလည်း ခြေစွမ်းကောင်းကို ထုတ်ဖော်ပြသနိုင်ဖို့ ခက်ခဲနိုင်တယ်လို့ သုံးသပ်ခံနေရသလို အာဆင်နယ်အသင်းအနေနဲ့လည်း အူဘာမီယန်းရဲ့နေရာကို အစားထိုးဖို့ တိုက်စစ်မှူးသစ် ရှာဖွေနေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေပါတယ်။

တိုက်စစ်မှူးဟောင်း ဒစ်ကော့ဗ်ကတော့ အူဘာမီယန်းအပေါ် ဝေဖန်ချက်တွေကို ပါယ်ချခဲ့ပြီး ဂါဘွန်သားဟာ ခြေစွမ်းကောင်းပြန်ပြနိုင်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ “စိတ်ပိုင်းဆိုင်ရာအားဖြင့် အူဘာမီယန်းတစ်ယောက် မနှစ်က အခြေအနေတွေကို စိတ်ပျက်နေနိုင်ပါတယ်။ လူတိုင်းက သူ ခြေစွမ်းမပြသနိုင်ဘူးလို့ လက်ညှိုးထိုးတာကို ခံနေရတာကိုး။ ဒါပေမယ့် ရာသီသစ်မှာ ဒီအခြေအနေကို ပြောင်းလဲပြနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ ဒစ်ကော့ဗ်က ဆိုခဲ့ပါတယ်။

“သူက ပရော်ဖက်ရှင်နယ်ဆန်တဲ့ကစားသမားတစ်ယောက်ပါ။ ဂုဏ်သိက္ခာလည်းကြီးမားပါတယ်။ သူက ဂိုးတွေ အမြဲတမ်းသွင်းနေချင်သူမျိုးပါ။ ဒီအခြေအနေမျိုးကို မဖြစ်မနေကျော်ဖြတ်ချင်စိတ် သူ့မှာသေချာပေါက်ရှိနေပါလိမ့်မယ်။ ဒီလို စိတ်အားထက်သန်မှုနဲ့ ပင်ကိုယ်အရည်အသွေးတွေကြောင့်ပဲ သူ့ကို သံသယဝင်နေသူတွေရဲ့ မယုံကြည်မှုတွေကို သေချာပေါက် ချေဖျက်ပြနိုင်မှာပါ” လို့လည်း ဒစ်ကော့ဗ်က သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Source: Ladbrokes

Leave a Reply