အူဘာမီယန်းနေရာကို အလက်ဇန်းဒါး အီဆက်နဲ့ ဘာကြောင့် သွေးသစ်လောင်းသင့်တာလဲ

တော့တင်ဟမ် ညာနောက်ခံလူဟောင်း အလန် ဟက်တန်က အာဆင်နယ်အသင်းအနေနဲ့ အကျပိုင်းကိုရောက်နေပြီဖြစ်တဲ့ အသင်းခေါင်းဆောင်တိုက်စစ်မှူး အူဘာမီယန်းရဲ့နေရာကို အစားထိုးဖို့အတွက် ဆိုစီဒက်တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ကို မဖြစ်မနေခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဆက်ဟာ အာဆင်နယ်အသင်းရဲ့တိုက်စစ်ပိုင်း အားနည်းနေမှုတွေကို ပြောင်းပြန်လှန်ပေးနိုင်မယ့် ထိပ်တန်းခြေစွမ်းမျိုး ပိုင်ဆိုင်ထားတယ်လို့ ဟတ်တန်က ဆိုခဲ့ပါတယ်။

“သူက အူဘာမီယန်း ကောင်းခဲ့စဉ်တုန်းက ကစားဟန်တွေကို ပြန်အမှတ်ရမိစေပါတယ်။ တောင်ပံကနေဆွဲတက်လာပြီး ပြိုင်ဘက်တွေကို အန္တရာယ်ပေးနိုင်တဲ့နေရာတွေကို ဝင်ယူကာ ထိုးနှက်တာမျိုးတွေပေါ့” လို့ သူက Football Insider ကို ပြောခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အဆိုပါတိုက်စစ်မှူးကို ခေါ်ယူဖို့ ပြီးခဲ့တဲ့နွေရာသီတုန်းက ကြိုးပမ်းခဲ့ဖူးပေမယ့် ဆိုစီဒက်အသင်းက ရောင်းချဖို့ ငြင်းဆန်ခဲ့ပြီး စာချုပ်သစ်လည်း ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်သစ်အရ ဆွီဒင်သားရဲ့ စာချုပ်ဖျက်သိမ်းတန်ကြေးဟာ ပေါင် ၇၇ သန်းအထိ သတ်မှတ်ခံထားရပြီဖြစ်ပေမယ့် ဟတ်တန်ကတော့ ခေါ်ယူဖို့ထိုက်တန်တဲ့ ကစားသမားဖြစ်ကြောင်းကို ခုလိုမျိုး ရှင်းပြသွားခဲ့ပါတယ်။

“လက်ရှိ အာဆင်နယ်ရဲ့တိုက်စစ်က ဖန်တရာတေနေတဲ့ ရိုးစင်းမှုကြီးနဲ့ပါ။ လက်ရှိတိုက်စစ်မှူးတွေဆီကနေ ဘာမှ ကြီးကြီးမားမားမျှော်လင့်လို့မရတော့ပါဘူး။ ဒါကို ခင်ဗျားတို့လည်း မြင်မှာပါ။ အီဆက်ကတော့ သူတို့အသင်းရဲ့ ပျောက်ဆုံးနေတဲ့ နောက်ဆုံးအစိတ်အပိုင်းတောင် ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ သူက ကောင်းမွန်ရုံတင်မကပါဘူး၊ အမှန်တကယ်စိတ်လှုပ်ရှားစရာ ကစားသမားမျိုးပါ။ သူက တွန်းတွန်းတိုက်တိုက်ကစားနိုင်သလို အာတီတာစိတ်ကြိုက် Link-up ပုံစံနဲ့လည်း ကစားနိုင်ပါတယ်။ သူက အာဆင်နယ်လိုအပ်နေတဲ့ ကစားသမားပါ” လို့ ဟတ်တန်က ဆိုခဲ့ပါသေးတယ်။

အလက်ဇန်းဒါး အီဆက်ဟာ ယမန်နှစ်ရာသီတုန်းက ဆိုစီဒက်အသင်းနဲ့အတူ လာလီဂါမှာ ၃၄ ပွဲပါဝင်ကစားခဲ့ပြီး ၁၇ ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာလည်း ဆွီဒင်လက်ရွေးစင်အသင်းအတွက် ၁ ဂိုးသွင်း ၂ ဂိုးဖန်တီးပေးကာ ခြေစွမ်းကောင်းပြသနိုင်ခဲ့သူဖြစ်ပါတယ်။ လက်တလောထွက်ပေါ်နေတဲ့အသင်းတွေအရ အာဆင်နယ်အသင်းဟာ လာမယ့်ဇန်နဝါရီမှာ လာကာဇက်နဲ့ နကီတီယာတို့ထဲက တစ်ဦးကိုရှင်းထုတ်ပြီး အီဆက်နဲ့ ပြန်လည်ဖြည့်တင်းသွားဖို့ စီစဉ်နေကြောင်း သိထားရပါတယ်။

Source: Football Insider, TBR

Leave a Reply