
ဂန္တဝင်ဟောင်း မာတင် ကီယွန်က အာဆင်နယ်အသင်းအနေနဲ့ ခြေစွမ်းကျဆင်းနေတဲ့ ဝါရင့်တိုက်စစ်မှူး အူဘာမီယန်းရဲ့နေရာကို လူငယ်တိုက်စစ်ကစားသမား ဂါဘရီယယ် မာတီနယ်လီနဲ့ အစားထိုးသင့်ကြောင်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ အူဘာမီယန်း ခြေစွမ်းကျဆင်းသွားခဲ့ပြီးတဲ့နောက်မှာ အသင်းရဲ့တိုက်စစ်ပိုင်းမှာ အားနည်းချက်တွေဖြစ်ပေါ်လာနေခဲ့ပြီး အစားထိုးတိုက်စစ်မှူးသစ် ခေါ်ယူဖို့ရှာဖွေနေပေမယ့်လည်း အဆင်မပြေသေးပါဘူး။

မာတင် ကီယွန်ကတော့ ပြင်ပကနေ ကစားသမားသစ်ခေါ်ယူတာထက် ခြေစွမ်းခြေစနဲ့ အလားလာကောင်းတွေ ရှိနှင့်ပြီးသား လူငယ်တိုက်စစ်ကစားသမား မာတီနယ်လီကို ရဲရဲဝံ့ဝံ့နေရာပေးတာက ပိုမိသင့်လျော်တဲ့နည်းလမ်းဖြစ်တယ်လို့ ပြောဆိုသွားခဲ့တာပါ။
“ကျွန်တော်က မာတီနယ်လီရဲ့ အမာခံ ပရိတ်သတ်ပါ။ မနှစ်က ဒါဏ်ရာပြဿနာကြောင့် ပွဲကစားချိန် အကန့်အသတ်နဲ့ပဲရခဲ့ပြီး မန်နေဂျာကလည်း သူ့ကို ဂရုတစိုက်ကိုင်တွယ်ခဲ့တာမို့ အများကြီးမစွမ်းဆောင်ပြနိုင်ခဲ့ပေမယ့် သူ့ခြေစွမ်းဘယ်လောက်ကောင်းတယ်ဆိုတာကိုတော့ ကျွန်တော်တို့ သံသယမရှိပါဘူး။ သူ့ကို ဖြေလွှတ်ပြီး အခွင့်အရေးပေးရတော့မယ့်အချိန်ရောက်လာပြီလို့ ကျွန်တော် ထင်ပါတယ်” လို့ ကီယွန်က ဆိုခဲ့ပါတယ်။

“ကျွန်တော်မြင်တာကတော့ သူ့ကို အူဘာရဲ့ ဘယ်တောင်ပံတိုက်စစ်မှာ ထားကစားတာဟာ အတော်လေး အဆင်ပြေတယ်လို့ ထင်ပါတယ်။ ထိရောက်တယ်၊ အကျိုးရှိတယ်ပေါ့။ သူက ဒီနေရာမှာ ခွန်အားအပြည့်၊ အမြန်နှုန်းမြင့်မြင့်မားမား၊ ရွေ့လျားမှုကောင်းကောင်းနဲ့ ကစားပြနိုင်ပါတယ်။ ပြီးတော့ သူက ပင်ကိုယ်အားဖြင့်ကို ဂိုးသွင်းလည်းကောင်းသူပါ။ တကယ်လို့များ သူ ဗဟိုတိုက်စစ်မှာ ပြောင်းကစားချင်တယ်ဆိုရင်လဲ ရပါတယ်။ အာတီတာက သူ့ကို ဗဟိုတိုက်စစ်မှာထားကစားချင်နေတာပါ။ ကျွန်တော်ကတော့ သူ ပွဲကစားချိန်ပိုရတာမျိုးကို မြင်ချင်ပါတယ်။ သူသာ ဒါဏ်ရာကင်းစင်နေမယ်ဆိုရင် အာတီတာအတွက် တကယ်အားကိုးရမယ့် ကစားသမားတစ်ယောက်ပါ” လို့လည်း သူကဆိုသွားခဲ့ပါတယ်။
အသက် ၂၀ အရွယ် ဘရာဇီးလ်ကြယ်ပွင့် မာတီနယ်လီဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၉ ပွဲပါဝင်ကစားပေးထားပြီး သွင်းဂိုး ၁၂ ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။
Source: The Mirror