
ဥရောပထိပ်တန်းကလပ်အသင်း အမြောက်အများဟာ အာဆင်နယ်အသင်းက လူငယ်တောင်ပံလူ ဘူကာယို ဆာကာကို ခေါ်ယူဖို့အတွက် ချဉ်းကပ်မှုတွေ စတင်ပြုလုပ်နေကြပြီဖြစ်တယ်လို့ ထိပ်တန်းသတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ပြောဆိုလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ အသက် ၂၀ အရွယ်သာရှိသေးတဲ့ သူတို့အသင်းရဲ့ အသက်သွေးကြောကစားသမား ဘူကာယို ဆာကာကို ရောင်းချဖို့ အစီအစဉ်မရှိထားပါဘူး။ ဒါပေမယ့် ဥရောပထိပ်တန်းကလပ်တွေကတော့ ကာယကံရှင်ထံ တိုက်ရိုက်ချဉ်းကပ်နေကြတာဖြစ်ပြီး အာဆင်နယ်အသင်းထံ ဆက်သွယ်အကြောင်းကြားတာမျိုး ပြုလုပ်ကြခြင်းမရှိပါဘူး။ ဆာကာကို ခေါ်ယူချင်တဲ့အသင်းတွေဟာ ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်နေတဲ့ ထိပ်တန်းအသင်းတွေဖြစ်ကြပြီး လီဗာပူးလ်အသင်းကတော့ စိတ်အားထက်သန်မှု အရှိဆုံးပါ။

“ဆာကာကို ခေါ်ယူဖို့ ကလပ်အသင်းအများအပြားက စတင်ချဉ်းကပ်နေကြပါပြီ။ အာဆင်နယ်အသင်းက သူ့ကို အထိခံမှာမဟုတ်ပါဘူး။ ရောင်းချဖို့လည်း စိတ်ကူးမရှိပါဘူး။ သူတို့က ဆာကာကို မှီတည်ပြီး အသင်းကို တည်ဆောက်ဖို့ စီစဉ်ထားတာပါ” လို့ ရိုမာနိုက သူ့ရဲ့ ကိုယ်ပိုင် Podcast အစီအစဉ်မှာ ပြောဆိုသွားတာဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်လေးဟာ CEIS ရဲ့ သုံးသပ်ချက်အရ ဈေးကွက်ပေါက်ဈေး ပေါင် ၁၁၅ သန်း လို့ တွက်ချက်ဖော်ပြခံထားရပြီး ဈေးကွက်အတွင်း ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ ခန့်မှန်းပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အီမီလီ စမစ်-ရိုးကို အက်စတွန်ဗီလာအသင်းက ချဉ်းကပ်လာစဉ်တုန်းက တန်ကြေးကို ပေါင် သန်း ၉၀ အထိသတ်မှတ်ဖူးတာကြောင့် မဖြစ်မနေအခြေအနေမှာ ဆာကာကိုသာ ရောင်းချမယ်ဆိုရင် အဆိုပါ ပမာဏထက်ပိုများတဲ့ တန်ကြေးမျိုးနဲ့သာ လက်လွှတ်မှာဖြစ်ပေမယ့် သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က လူငယ်ကြယ်ပွင့်လေးကို အသင်းမှာ ကာလရှည်ဆက်လက်ထိမ်းသိမ်းဖို့ဖြစ်တယ်လို့ ရိုမာနိုက ဆိုသွားပါတယ်။
အင်္ဂလန်လက်ရွေးစင် ဘူကာယို ဆာကာဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး အာဆင်နယ်အသင်းတာဝန်ရှိသူတွေကတော့ အဆိုပါ စာချုပ်သက်တမ်းကို ကျော်လွန်ပြီး နောက်ထပ်နှစ်ပေါင်းများစွာအထိ သူ့ကို အသင်းမှာ ဆက်လက်ထိမ်းသိမ်းသွားဖို့ စိတ်ကူးရှိနေပါတယ်။
Source: Romano