(၁၀-၉-၂၀၂၃) ညနေခင်း အာဆင်နယ် သတင်းတိုများ

၁။ ထိပ်တန်းသတင်းထောက် ဖာဘရီဇီယို ရိုမာနိုကတော့ အာဆင်နယ်အသင်းက တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ကို မိုနာကိုထံ ရောင်းချခဲ့စဉ်တုန်းက ပြောင်းရွှေ့ကြေး + ပြန်ရောင်း အကျိုးအမြတ်ခံစားခွင့် (Sell-on Clause) တွေ ထည့်သွင်းထားတယ်ဆိုတာ သေချာပေမယ့် လက်တလော ပရိတ်သတ်တွေ ပြောဆိုနေကြတဲ့ ပြန်ခေါ်ခွင့် သဘောတူညီချက် (Buy-back Clause) ပါဝင်တယ်ဆိုတာကတော့ မဟုတ်မှန်ဘူးလို့ ပြောဆိုလာပါတယ်။

၂။ ခံစစ်မှူး ဂါဘရီယယ် မဂါဟေးစ်တစ်ယောက် ဘရာဇီးလ် ၅-၁ ဘိုလီးဗီးယားပွဲစဉ်မှာ ဒါဏ်ရာရရှိသွားခဲ့ပေမယ့် စိုးရိမ်ဖွယ်ရာ ပြင်းထန်တဲ့ ဒါဏ်ရာမျိုးဖြစ်ဖွယ်မရှိဘူးလို့ Physical Therapy Expert တစ်ဦးဖြစ်တဲ့ ဒေါက်တာ ရာ့ဂျ်ပါယ် ဘရားက ပြောဆိုသွားပါတယ်။ ဂါဘရီယယ်ရဲ့ ဒါဏ်ရာနဲ့ပတ်သက်ပြီး ဘရာဇီးလ်အသင်းကရော အာဆင်နယ်အသင်းဘက်ကပါ ထုတ်ပြန်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ ဘရာဇီးလ် လက်ရွေးစင်အသင်းအနေနဲ့ ဂါဘရီယယ်ကို ပီရူးနဲ့ပွဲစဉ်လူစာရင်းမှာ ထည့်သွင်းထားဆဲဖြစ်တာမို့ အခြေအနေကောင်းတယ်လို့ ယူဆဖွယ်ရာရှိပါတယ်။

၃။ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်က သူ့အနေနဲ့ ပြီးခဲ့တဲ့ရာသီကုန်ဆုံးချိန်မှာ ဘောလုံးနဲ့ အဆက်အသွယ်ဖြတ်တောက်ချင်စိတ် ဖြစ်ပေါ်မိခဲ့တယ်လို့ ထုတ်ဖော်ဝန်ခံလာခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ကောင်းကောင်းကစားနိုင်ခဲ့သလို၊ အသင်းကလည်း ခြေစွမ်းတည်ငြိမ်ကောင်းမွန်ခဲ့ပေမယ့် ရာသီကုန်ချိန်မှာ အမှတ်ပေးချန်ပီယံဆုနဲ့ လွဲချော်သွားခဲ့တာကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ခဲ့ရပြီး အတော်လေးစိတ်ဓာတ်ကျခဲ့ရကြောင်း အိုဒီဂတ်က ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။

၄။ No.9 လိုအပ်ချက်ရှိနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ပစ်မှတ်ဟောင်း ဒူဆန် ဗလာဟိုဗစ်ကို ခေါ်ယူနိုင်မယ့် အခွင့်အလမ်းတစ်ခုရှိလာကြောင်း Daily Express သတင်းစာက ဖော်ပြလိုက်ပါတယ်။ ယူဗင်တပ်အသင်းနဲ့ ဗလာဟိုဗစ်တို့အကြား ချုပ်ဆိုထားတဲ့ စာချုပ်ပါသဘောတူညီချက်အရ ဆားဘီးယားသားဟာ လာမယ့်ရာသီကနေစပြီး လုပ်ခလစာဟာ တစ်နှစ်ကို ပေါင် ၁၀ သန်းအထိ တိုးမြင့်ရရှိသွားတော့မှာဖြစ်ပြီး ယူဗီအနေနဲ့ အဆိုပါအခြေအနေကို ရှောင်လွှဲနိုင်စေဖို့ ကစားသမားကို စောစောစီးစီးရောင်းထုတ် ချင်နေပါတယ်။ ယူဗီ တာဝန်ရှိသူတွေဟာ ၎င်းကစားသမားကို ခေါ်ယူစဉ်က ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၆၆ သန်းဝန်းကျင် ရရှိမယ်ဆိုရင် လာမယ့်ဇန်နဝါရီမှာတင် ထုတ်ရောင်းဖို့ စိတ်ပိုင်းဖြတ်ထားကြကြောင်း သတင်းမှာဖော်ပြထားပါတယ်။

၅။ စပိန်သတင်းစာ Mundo Deportivo ရဲ့ သတင်းတစ်ပုဒ်မှာတော့ အာဆင်နယ်အသင်းဟာ ၂၀၁၆ ခုနှစ်တုန်းက ဥရုဂွေးကွင်းလယ်လူ ဖက်ဒရီကို ဗယ်လ်ဗာဒီကို ခေါ်ယူနိုင်မယ့် အခွင့်အရေးရခဲ့ပေမယ့် မက်ဒရစ်ထံ လက်လွှတ်ခံခဲ့တယ်လို့ ဖော်ပြသွားပါတယ်။ ဗယ်လ်ဗာဒီဟာ အဲဒီအချိန်တုန်းက ဥရုဂွေးကလပ် ပီနာရိုးလ်အသင်းမှာ ကစားနေသူဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ အမ်းမရိတ်ကွင်းအထိလာရောက်ပြီး စမ်းသပ်မှု ခံယူခဲ့တာပါ။ ဒါပေမယ့် နည်းပြ အာဆင်းဝင်းဂါးနဲ့ အသင်းရဲ့ ကင်းထောက်တွေက သူ့ရဲ့ခြေစွမ်းကို သဘောမကျခဲ့ကြတာကြောင့် စာချုပ်မချုပ်ဆိုဆုံးဖြတ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ရီးရဲလ်မက်ဒရစ်က ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။ ဗယ်လ်ဗာဒီဟာ လက်ရှိအချိန်မှာတော့ ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။

၆။ ဂန္တဝင်ဟောင်း မာတင် ကီယွန်ကတော့ ခရစ္စတယ်ပဲလေ့စ်အသင်းက အင်္ဂလိပ်ခံစစ်မှူး မာ့ခ် ဂွီဟီဟာ ကာလရှည်ဒါဏ်ရာရရှိနေတဲ့ ယူရီယန် တင်းဘားရဲ့နေရာမှာ အစားထိုးဖို့အတွက် အသင့်တော်ဆုံးကစားသမားဖြစ်တယ်လို့ ထောက်ခံစကားဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ တင်းဘားရဲ့နေရာမှာ အစားထိုးဖို့ ဂွီဟီကို စိတ်ဝင်စားမှုရှိနေပြီး စောင့်ကြည့်မှုတွေ ပြုလုပ်နေကြောင်း ထိပ်တန်းသတင်းထောက် ရိုမာနိုက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ပြောဆိုခဲ့ဖူးပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကီယွန်က “ဂွီဟီက ၂၃ နှစ်ပဲရှိသေးတာဗျ။ သူ့ရဲ့ကစားပုံက လျှင်မြန်မှုလည်းရှိတယ်၊ ဘောလုံးလည်း ကိုင်ကစားနိုင်တယ်၊ အမြင့်ဘော အားသာချက်လည်းရှိတယ်။ သူက အသင့်လျော်ဆုံးပဲ” လို့ ဆိုသွားခဲ့တာပါ။

Leave a Reply