၁။ အာဆင်နယ်အသင်းရဲ့ ဒူဆန် ဗလာဟိုဗစ်အပေါ် စိတ်ဝင်စားမှုဟာ လျော့ကျသွားခြင်းမရှိသေးပဲ အခွင့်အရေး ရလာမယ်ဆိုရင် ခေါ်ယူဖို့ ထပ်မံကြိုးပမ်းဖို့ အဆင်သင့်ရှိနေတယ်လို့ Fichajes နဲ့ Football365 တို့က ဖော်ပြသွားပါတယ်။ ဂန်းနားတွေဟာ လာမယ့်ဆောင်းရာသီစျေးကွက်မှာ တိုက်စစ်မှူးခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဗလာဟိုဗစ်ဟာ အဓိက ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေဆဲဖြစ်ပါတယ်။
၂။ ဂန်းနားတွေဟာ စပို့တင်းလစ္စဘွန်းအသင်းက ဗဟိုခံစစ်မှူး အူစမာနီ ဒီယွန်မန်ဒီအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပေါ်တူဂီကလပ်က ကမ်းလှမ်းချက်ကို ငြင်းဆန်ပါယ်ချလိုက်ပါတယ်။ စပို့တင်းဟာ အဆိုပါ အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားကို လွန်ခဲ့တဲ့ ဇန်နဝါရီလတုန်းကမှ ဒိန်းမတ်ကလပ် နော့ဂျေးလန်းအသင်းကနေ ယူရို ၁၂.၅ သန်းနဲ့ ခေါ်ယူထားတာဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၈၀ သတ်မှတ်ထားပါတယ်။ ဒါပေမယ့်လည်း အချိန်တိုအတွင်း အကျိုးအမြတ်အလျှင်စလို ရရှိလိုနေတဲ့ စပို့တင်းလစ္စဘွန်းအသင်းဟာ စာချုပ်ဖျက်သိမ်းကြေးထက်နည်းပါးတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ဒီယွန်မန်ဒီကို လက်လွှတ်နိုင်ကြောင်း သိထားရပါတယ်။
၃။ အာဆင်နယ်အသင်းပစ်မှတ်ထားနေတဲ့ ဘရုဂေးအသင်းက နော်ဝေတောင်ပံကြယ်ပွင့် အန်တိုနီယို နူဆာကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်းကလည်း ပစ်မှတ်ထားလာနေပြီဖြစ်ကြောင်း စပိန်ကလာတဲ့ သတင်းတွေအရ သိထားရပါတယ်။ ၁၈ နှစ်အရွယ်သာရှိသေးတဲ့ နူဆာကိုခေါ်ယူဖို့ အာဆင်နယ်နဲ့ ရီးရဲလ်အပြင် လီဗာပူးလ်၊ ချယ်ဆီးနဲ့ နယူးကာဆယ်တို့ကလည်း ကြိုးပမ်းနေကြပါတယ်။
၄။ ACL ဒါဏ်ရာတွေကြောင့် ကာလရှည်အနားယူနေခဲ့ရတဲ့ အာဆင်နယ်အမျိုးသမီးအသင်းက ကစားသမားတွေဖြစ်ကြတဲ့ ဗီဗီယန် မေဒီမာ၊ လောရာ ဝိန်းရွိက်သာနဲ့ လီယာ ဝီလျံဆင်တို့ဟာ ဒါဏ်ရာသက်သာလာကြပြီဖြစ်တာမို့ ယခုလထဲမှာ အသင်းနဲ့ပြန်လည်ပူးပေါင်းပြီး လေ့ကျင့်ခန်းဆင်းနိုင်တော့မှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အဓိက ကစားသမားတွေဖြစ်ကြတဲ့ မေဒီမာနဲ့ ဝီလျံဆင်တို့ ဒါဏ်ရာရရှိနေချိန်မှာ ခြေစွမ်းနဲ့ ရလဒ်ပိုင်း ထိခိုက်မှုတွေ ရှိခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေလည်း နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်။
၅။ ဂန္တဝင်ဟောင်း အလန် စမစ်ကတော့ အာဆင်နယ်အသင်းဟာ ပြောင်းရွှေ့ထွက်ခွာသွားပြီဖြစ်တဲ့ ကွင်းလယ်လူ ဂရာနစ် ရှာခါထက် ပိုကောင်းတဲ့ ကွင်းလယ်လူတစ်ဦးကို ပိုင်ဆိုင်ထားပြီဖြစ်တယ်လို့ သုံးသပ်ပြောဆိုသွားပါတယ်။ စမစ်ကတော့ အဆိုပါကစားသမားဟာ ကိုင် ဟားဗက်ဇ်ဖြစ်ပြီး ဂျာမန်သားဟာ ဂရာနစ် ရှာခါထက်ပိုပြီး ပင်ကိုယ်အရည်အသွေးရော၊ နည်းစနစ်အရည်အသွေးပါ ပြည့်ဝသူဖြစ်ကြောင်းနဲ့ ခြေစွမ်းတည်ငြိမ်လာချိန်မှာ ရှာခါထက် အသင်းအပေါ် ပိုပြီး အကျိုးပြုနိုင်မယ့်သူမျိုးဖြစ်ကြောင်း မှတ်ချက်ပြု ပြောဆိုသွားပါတယ်။
၆။ မိုနာကိုအသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်း ဖိုလာရင် ဘာလိုဂန်က သူ့အတွက် ချယ်ဆီးနဲ့ စပါးတို့ကို ငြင်းဆန်ပါယ်ချဖို့ အလွန်လွယ်ကူခဲ့တယ်လို့ ပြောသွားပါတယ်။ ပြင်သစ်မြေဟာ သူ့အောင်မြေဖြစ်တာမို့ မိုနာကိုဟာ သူသွားချင်တဲ့ တစ်သင်းတည်းသော အသင်းဖြစ်ကြောင်း အေးဂျင့်ကို ပြောခဲ့တယ်လို့ ဘာလိုဂန်က ဖွင့်ဟခဲ့ပါတယ်။