၁၃/၈/၂၀၂၁ – နံနက်ခင်းပိုင်း အာဆင်နယ်သတင်းတိုများ

၁။ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ အာဆင်နယ်အသင်းက ပြင်သစ်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာနေပါတယ်။ မက်ဆီကို လက်လွှတ်ထားရတဲ့ ဘာစီလိုနာအသင်းဟာ အတွေ့အကြုံရင့်ပြီး တန်ကြေးကလည်း ပေါင် ၁၅ သန်းသာ သတ်မှတ်ခံထားရတဲ့ လာကာဇက်ကို အာဂျင်တိုင်းသားရဲ့နေရာမှာ အစားထိုးဖို့အတွက် အလိုရှိနေတာဖြစ်ပါတယ်။

၂။ အာဆင်နယ်အသင်းပရိတ်သတ်တွေဟာ မတန်တဆတန်ကြေးမျိုး သတ်မှတ်ခံထားရတဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက် ဂိုးသမား အာရွမ် ရမ်းစ်ဒေးလ်အစား ဝက်စ်ဘရွမ်းဂိုးသမား ဆမ် ဂျွန်စတုန်းစ်ကို ခေါ်ယူဖို့ တိုက်တွန်းပြောဆိုမှုတွေ အပြင်းအထန်ပြုလုပ်နေကြပါတယ်။

၃။ နည်းပြ မီခယ် အာတီတာက လူငယ်ကွင်းလယ်လူ ဂျိုး ဝေးလော့ခ်ကို ရောင်းချဖို့အတွက် နယူးကာဆယ်အသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီချက် ရရှိထားတယ်ဆိုတဲ့သတင်းတွေကို ငြင်းဆိုလိုက်ပါတယ်။ ဝေးလော့ခ်ဟာ အသင်းရဲ့ ကစားသမားဖြစ်နေဆဲဖြစ်သလို အသင်းရဲ့အနာဂတ်အတွက် အရေးပါတဲ့နေရာမှာ ပါဝင်နေတဲ့ကစားသမားလည်းဖြစ်တယ်လို့ အာတီတာကဆိုခဲ့ပါတယ်။

၄။ ဘရိုက်တန်ဂိုးသမား ရောဘတ် ဆန်းချက်ဇ်က အာဆင်နယ်အသင်းထံ ပြောင်းရွှေ့သွားတဲ့ သူငယ်ချင်းဖြစ်သူ ဘန်ဝှိုက်ကို လွမ်းဆွတ်မိနေကြောင်း ဖွင့်ဟဝန်ခံလာပါတယ်။ ဆန်းချက်ဇ်နဲ့ ဘန်ဝှိုက်တို့ဟာ ဘရိုက်တန်မှာတုန်းက အလွန်ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ခဲ့ကြပြီး ခုချိန်မှာတော့ အင်္ဂလန်သားဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ နဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

၅။ ယခုနှစ်နွေရာသီဟာ အခက်ခဲဆုံး အပြောင်းအရွှေ့ရာသီဖြစ်တယ်လို့ နည်းပြအာတီတာက ပြောဆိုသွားပါတယယ်။ အာဆင်နယ်အသင်းဟာ ဘန်ဝှိုက်၊ ဆမ်ဘီ လိုကွန်ဂါနဲ့ နူနို တာဗာရက်စ်တို့ကို ခေါ်ယူထားပေမယ့်လည်း နောက်ထပ်ကစားသမားသစ်တွေ ဆက်လက်ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့အသင်းဖြစ်ပြီး ဈေးကွက်ထဲမှာ စိတ်ကြိုက်ကစားသမားတွေကို ရွေးချယ်ခေါ်ယူရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ အာတီတာက ဝန်ခံပြောဆိုသွားပါတယ်။

၆။ အာဆင်နယ်အသင်းဟာ ယခုနှစ်ရာသီမှာ ဥရောပဝင်ခွင့်မရထားတာမို့ ကာရာဘောင်းဖလားနဲ့ FA ဖလားပွဲစဉ်တွေမှာ လူငယ်ကစားသမားတွေကို အခွင့်အရေးအပြည့်အဝပေးသွားဖို့ စီစဉ်ထားကြောင်းသိရပါတယ်။ နောက်ဆုံးရသတင်းတွေအရ လာမယ့် ၂၃ ရက်နေ့မှာကစားရမယ့် ဝက်စ်ဘရွမ်းအသင်းနဲ့ပွဲစဉ်မှာ ဘာလိုဂန်၊ အဇီးဇ်၊ တာဗာရက်စ်နဲ့ အိုကွန်ကဝိုတို့ ပါဝင်ကစားခွင့်ရရှိဖွယ်ရှိနေတယ်လို့ သိရပါတယ်။

၇။ မန်ချက်စတာစီးတီးကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကစားဖို့ ငြင်းဆန်လိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ဆေးလ်ဗားကို ခေါ်ယူဖို့အတွက် မန်စီးတီးအသင်းနဲ့ ဆွေးနွေးနေသလို ကစားသမားကိုလည်း တစ်ပြိုင်နက်တည်းချဉ်းကပ်ခဲ့တာဖြစ်ပေမယ့် ဥရောပဝင်ခွင့်မရရှိထားတာကြောင့် ပေါ်တူဂီသားက ငြင်းဆန်ခဲ့တာဖြစ်တယ်လို့ သတင်းထောက် ဖီးလစ် ဒီယာ့စ်က Sky Sports ကို ပြောဆိုသွားပါတယ်။

၈။ Football London နဲ့ talkSPORT တို့ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ရှက်ဖီးလ်ဒ်ယူနိုက်တက်ဂိုးသမား အာရွမ် ရမ်းစ်ဒေးလ်ကို ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်မှုရှိခဲ့ပြီး နောက်ဆုံးအဆင့်ဆွေးနွေးမှုတွေ ပြုလုပ်နေချိန်မှာ ပြောင်းရွှေ့ကိစ္စ ညှိနှိုင်းမရတာကြောင့် လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း သိရပါတယ်။

Leave a Reply