၁။ ဂန္တဝင်ဟောင်း ကီဗင် ကမ်းဘဲလ်ကတော့ သူ့အနေနဲ့ ခံစစ်မှူး ဂါဘရီယယ် မဂါဟေးစ်ကို ပွဲထွက်လူစာရင်းမှာ ပုံမှန်မြင်တွေ့ချင်တယ်လို့ ပြောဆိုသွားပါတယ်။ ဂါဘရီယယ်နဲ့ ဆာလီဘားအတွဲအဖက်ဟာ အာဆင်နယ်ဗဟိုခံစစ်အတွက် စိတ်အချရဆုံးနဲ့ လိုက်ဖက်ညီမှုအရှိဆုံး အတွဲဖြစ်တယ်လို့ ကမ်းဘဲလ်က မှတ်ချက်ပေးသွားခဲ့ပါတယ်။
၂။ ပရီးမီးယားလိဂ် ကွင်းလယ်လူဟောင်း လီ ဟင်ဒရီက စကော့တလန်နဲ့ပွဲစဉ်မှာ တိုက်စစ်ကို အားပြုကစားသွားတဲ့ အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ရဲ့ ခြေစွမ်းကို သဘောကျမိကြောင်း ပြောဆိုလိုက်ပါတယ်။ ရိုက်စ်ဟာ ခံစစ်အားသန်ကွင်းလယ်လူတစ်ယောက်ဖြစ်ပေမယ့် အဆိုပါပွဲစဉ်မှာ တိုက်စစ်ကို ပိုမိုလိုက်ပါကစားခဲ့ရပြီး ခြေစွမ်းလည်းပြသနိုင်ခဲ့တာပါ။
၃။ ကွင်းလယ်လူ စမစ်ရိုးအနေနဲ့ အသင်းဖော် နကီတီယာကို အတုယူပြီး ကိုယ့်ရဲ့အခွင့်အရေးကို ကိုယ်တိုင်ဖန်တီးယူသင့်တယ်လို့ အင်္ဂလန်ကစားသမားဟောင်း ဂလင်း ဂျွန်ဆင်က တိုက်တွန်းပြောဆိုသွားပါတယ်။ စမစ်ရိုးဟာ ခြေစွမ်းကောင်းမွန်တဲ့ကစားသမားဖြစ်ပေမယ့် လက်ရှိအချိန်မှာ ကံကြမ္မာမျက်နှာသာမပေးမှုကြောင့် ပွဲထွက်ခွင့်ပျောက်ဆုံးနေတာဖြစ်ကြောင်းနဲ့ အခွင့်အရေးကို စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းပြီး အခွင့်အရေးရလာချိန်မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်အောင် အဆင်သင့်ကြိုးစားပြီး စောင့်ဆိုင်းနေဖို့ လိုအပ်ကြောင်း ဂျွန်ဆင်က အကြံပြုသွားခဲ့တာဖြစ်ပါတယ်။
၄။ ဘူကာယို ဆာကာဟာ ခြေဖနောင့်ဒါဏ်ရာရှိနေလျက်နဲ့ အင်္ဂလန်အသင်းအတွက် ကစားပေးနေတာဖြစ်ကြောင်း Daily Mail က ဖော်ထုတ်ရေးသားလိုက်ပါတယ်။ အဆိုပါသတင်းမှာဖော်ပြထားချက်အရ ဆာကာဟာ ယမန်နှစ်ကတည်းက ရရှိထားတဲ့ ခြေဖနောင့်ကြောဒါဏ်ရာ အကင်းမသေသေးကြောင်းနဲ့ အနားယူဖို့ လိုအပ်နေပေမယ့် အင်္ဂလန်အသင်းရဲ့ ရွေးချယ်မှုကိုလက်ခံကာ ပါဝင်ကစားပေးနေခြင်းဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။
၅။ စာချုပ်သက်တမ်းတိုးဖြစ်ဖို့ နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်နေချိန်မှာ အသင်းမှာ အကြာကြီး ဆက်ရှိနေချင်တယ်လို့ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်က ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ အိုဒီဂတ်က နော်ဝေမီဒီယာတွေနဲ့ အင်တာဗျူးတစ်ခုမှာ သူ့အနေနဲ့ အာဆင်နယ်မှာ ပျော်ရွှင်နေကြောင်းနဲ့ ဒီအသင်းမှာ နှစ်ကာလရှည်ကြာ ကစားခွင့်ရဖို့ မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့တာပါ။
၆။ လန်ဒန်အခြေစိုက် နာမည်ကျော် သတင်းဌာနတစ်ခုဖြစ်တဲ့ Football London ကတော့ အာဆင်နယ်အသင်းဟာ မန်ယူမှာ နည်းပြတန်ဟက်နဲ့ အဆင်မပြေတာကြောင့် အသင်းကနေထွက်ခွာဖို့ ကြိုးပမ်းနေတဲ့ ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ ကြိုးပမ်းလာနိုင်တယ်လို့ ဖော်ပြလိုက်ပါတယ်။ အာဆင်နယ်တာဝန်ရှိသူတွေဖြစ်ကြတဲ့ အာတီတာနဲ့ အီဒူးတို့ဟာ တောင်ပံတိုက်စစ်ကို အားဖြည့်လိုနေကြပြီး ဆန်ချိုရဲ့ အခြေအနေကို စိတ်ဝင်စားနေတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။