(၁၃-၉-၂၀၂၃) မနက်ခင်းပိုင်း အာဆင်နယ် သတင်းတိုများ

၁။ အာဆင်နယ်ကွင်းလယ်လူသစ် ဒက်ကလန် ရိုက်စ်ကတော့ လက်ရှိကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ဗဟိုကစားသမားဟာ မန်စီးတီးအသင်းက ရိုဒရီဖြစ်တယ်လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။ Channel 4 မှာ ဂျိုး ကိုးလ်နဲ့ပြုလုပ်တဲ့ အင်တာဗျူးအစီအစဉ်မှာ ရိုက်စ်က “အသိသာကြီးပါ သူက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပါ။ သူက အံ့အားသင့်ဖွယ် ကစားသမားတစ်ယောက်ပါ။ မန်စီးတီးမှာ သူကစားပြနေတာတွေက အရမ်းကောင်းမွန်လှပါတယ်။ သူက ထိပ်တန်းကစားသမားဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

၂။ သတင်းထောက် ဒင်း ဂျုံးစ်ကတော့ အာဆင်နယ်ကွင်းလယ်လူသစ် ကိုင် ဟာဗက်ဇ်ဟာ အမ်းမရိတ်မှာ ကစားရတဲ့အပေါ်မှာ ပျော်ရွှင်ဟန်မရှိဘူးလို့ မှတ်ချက်ပြုသွားပါတယ်။ ဟာဗက်ဇ်အနေနဲ့ အာဆင်နယ်ကစားသမားဘဝအစမှာ ခြေစွမ်းပြသနိုင်ဖို့ ရုံးကန်နေရတဲ့အပြင် ပရိတ်သတ်တွေရဲ့ တောင်းဆိုချက်မြင့်မားမှုတွေနဲ့ပါ ရင်ဆိုင်နေရတာကြောင့် ခုလိုမျိုး မပျော်မရွှင်ဖြစ်နေဟန်တူပြီး သူ့ရဲ့ ခံစားချက်ဟာ သူ့မျက်နှာမှာပေါ်လွင်နေတယ်လို့ ဂျုံးစ်က ဆိုသွားခဲ့ပါတယ်။

၃။ ဆိုစီဒက်မှာ အငှားသွားရောက်ကစားနေတဲ့ ဘယ်နောက်ခံလူ ကီယန် တီယာနီက အာဆင်နယ်ကနေထွက်ခွာပြီး စပိန်ကလပ်ထံ ပြောင်းရွှေ့ကစားဖို့ ဆုံးဖြတ်ချက်ချမှတ်ရတာဟာ သူ့အတွက် ခက်ခဲမှုမရှိတဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ ဆိုသွားပါတယ်။ ယဉ်ကျေးမှုနဲ့ ဘာသာစကားမတူညီတဲ့ နိုင်ငံတစ်ခုဆီ ပြောင်းရွှေ့ခဲ့ရတာဖြစ်ပေမယ့် သူ့အတွက် အခွင့်အရေးကောင်းတွေ ရှိနေမယ်ဆိုတာ သေချာတဲ့နေရာတစ်ခုဖြစ်တာမို့ အလွယ်တကူပဲ ကမ်းလှမ်းချက်ကို လက်ခံခဲ့တာလို့ သူက ဆိုခဲ့ပါတယ်။

၄။ နည်းပြ မီခယ် အာတီတာအနေနဲ့ အသင်းရဲ့တိုက်စစ်က သွင်းဂိုးတွေ ပိုမိုရရှိတာမျိုးဖြစ်ချင်တယ်ဆိုရင် လာမယ့်အဲဗာတန်နဲ့ပွဲစဉ်မှာ အထောင်တိုက်စစ်နေရာအတွက် ဂျီဇူးကို ရွေးချယ်ပွဲထွက်ခွင့်ပေးသင့်တယ်လို့ ဂန္တဝင်ဟောင်း ကီဗင် ကမ်းဘဲလ်က မှတ်ချက်ပြုခဲ့ပါတယ်။ နကီတီယာဟာ ခြေစွမ်းကောင်းတဲ့ကစားသမားဖြစ်ပေမယ့် အာဆင်နယ်တိုက်စစ်အတွက် ဂျီဇူးက ပိုပြီး သက်ရောက်မှုအားကြီးမားတာမို့ ဘရာဇီးလ်သားကို ဦးစားပေးအဖြစ် ပွဲထွက်ခွင့်ပြုဖို့ ကမ်းဘဲလ်က တိုက်တွန်းသွားခဲ့တာပါ။

၅။ အာဆင်နယ်အသင်းရဲ့ ဆေးအဖွဲ့မှူးချုပ် ဂယ်ရီ အိုဒရစ္စကိုးလ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြီးခဲ့တဲ့ တနင်္လာနေ့က တရားဝင်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ အိုဒရစ္စကိုးလ်တစ်ယောက် မန်ယူကို ပြောင်းရွှေ့တော့မယ်ဆိုတဲ့သတင်းကို The Athletic က ပြီးခဲ့တဲ့ ဂျူလိုင်လကတည်းက အတည်ပြုနိုင်ခဲ့တာဖြစ်ပေမယ့် တရားဝင်ပြောင်းရွှေ့မှုက ယခုမှ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ၎င်းရဲ့နေရာမှာ မည်သူမည်ဝါနဲ့ အစားထိုးမယ်ဆိုတာကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

၆။ အာဆင်နယ်အသင်းဟာ လူငယ်ဘယ်နောက်ခံလူ လီနို ဆူဆာကို အသင်းကြီးရဲ့ ချန်ပီယံလိဂ် A List လူစာရင်းမှာ ထည့်သွင်းလိုက်တာကြောင့် အဆိုပါလူငယ်ကစားသမားလေးဟာ ယခုနှစ်ရာသီမှာ Senior UCL ပြိုင်ပွဲနဲ့ U-19 UCL ပြိုင်ပွဲ ၂ မျိုးလုံးမှာ ပါဝင်ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။ အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့တာကြောင့် ယူ-၁၉ အသင်းဟာလည်း အလိုအလျောက် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ပထမအသင်းကြီးနည်းတူ လန်းစ်၊ ဆီဗီလာ၊ ပီအက်စ်ဗီတို့နဲ့ ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။

Leave a Reply