(၁၇-၉-၂၀၂၃) ညနေခင်းပိုင်း အာဆင်နယ် သတင်းတိုများ

၁။ အာဆင်နယ်အသင်းဟာ အသင်းကနေထွက်ခွာတော့မယ့် စီအီးအိုဖြစ်သူ ဗီနိုင်း ဗန်ကက်တီရှန်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဂုဏ်သိက္ခာကြီးမားတဲ့ Ascot မြင်းပြိုင်ကွင်းလုပ်ငန်းရဲ့ လက်ထောက် စီအီးအို ဖယ်လစ်စတီ ဘားနက်ဒ်နဲ့ အစားထိုးသွားဖို့ စီစဉ်နေပါတယ်။ အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မစ်စ် ဘားနက်ဒ်ဟာ အာဆင်နယ်အသင်းရဲ့ Partnership Development Director အနေနဲ့ အာဆင်နယ်အသင်းမှာ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးသူဖြစ်သလို ဗြိတိန်ဘဏ္ဍာရေးနယ်ပါယ်မှာ ထက်မြက်ထူးချွန်သူတစ်ယောက်အဖြစ် ထင်ရှားသူလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ အမှုဆောင်ဘုတ်အဖွဲ့ဝင်တွေကတော့ လုပ်ငန်းတာဝန်လွှဲပြောင်းမှုတွေ ပိုမိုအဆင်ပြေစေဖို့ မစ်စ် ဘားနက်ဒ်ကို အလုပ်သင်ကာလ အလုံအလောက်ပေးပြီး ခန့်အပ်သွားဖို့ စီစဉ်နေကြပြီဖြစ်ပါတယ်။

၂။ မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့နွေရာသီတုန်းက ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို အာဆင်နယ်အသင်းထက် လက်ဦးမှုရယူကာ ခေါ်ယူခဲ့သင့်တယ်လို့ ပရီးမီးယားလိဂ် ဂန္တဝင်ဟောင်း တင်မ် ရှားဝုဒ်က မှတ်ချက်ပြုခဲ့ပါတယ်။ လက်ရှိမန်ယူအသင်းနဲ့ အာဆင်နယ်အသင်းတို့အကြားက ခြားနားချက်ဟာ ရိုက်စ်လို ဦးဆောင်နိုင်စွမ်းရော၊ ခြေစွမ်းခြေစပါ ကောင်းမွန်တဲ့ ကွင်းလယ်ကစားသမားမျိုးကို ပိုင်ဆိုင်ထားခြင်း ရှိ-မရှိဆိုတဲ့အချက်သာဖြစ်ကြောင်း ရှားဝုဒ်က ပြောသွားခဲ့တာပါ။

၃။ သတင်းထောက် ဒင်း ဂျုံးစ်ကတော့ အာဆင်နယ်အသင်းဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ငွေကြေးထပ်မံသုံးစွဲသွားဖို့ စီစဉ်နေပြီး စွယ်စုံရတိုက်စစ်ကစားသမားတစ်ဦးကို သေချာပေါက်ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ GIVEMESPORT ကို ပြောဆိုသွားပါတယ်။ ဂန်းနားတွေအနေနဲ့ လာမယ့်ဇန်ဝါရီမှာ စွယ်စုံရတိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့စီစဉ်နေပြီး လက်တလောမှာ မျက်စိကျနေတာကတော့ ပွဲပါယ်ပြစ်ဒါဏ်ကျခံနေရတဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန် တိုနေးဖြစ်တယ်လို့ သူက ပြောဆိုသွားပါတယ်။

၄။ မန်ယူဂန္တဝင်ဟောင်း ပီတာ ရှမိုက်ကယ်ကတော့ ယခုနှစ်ရာသီမှာ မန်စီးတီးရဲ့ ချန်ပီယံခြေစွမ်းကို စိန်ခေါ်နိုင်မယ့်အသင်း များများစားစား မရှိကြောင်းနဲ့ အနီးစပ်ဆုံး ဖိအားပေးနိုင်မယ့်အသင်းဆိုလို့ အာဆင်နယ်တစ်သင်းသာရှိကြောင်း မှတ်ချက်ပြုသွားပါတယ်။ ဒါတောင်မှ အာဆင်နယ်အနေနဲ့ မျှော်လင့်လို့ရရုံအခြေအနေမျိုးသာဖြစ်ပြီး ဖလားရနိုင်ခြေက အတော်နည်းကြောင်း သူက ဆက်ပြောခဲ့ပါသေးတယ်။

၅။ အာဆင်နယ်အပါအဝင် လီဗာပူးလ်၊ မန်ယူစတဲ့ ပရီးမီးယားလိဂ် ထိပ်သီးကလပ်တစ်ချို့ဟာ ဩစတြီးယားကလပ် ရက်ဘူး ဆဲလ်ဘတ်အသင်းက ၁၉ နှစ်သား ကွင်းလယ်လူ အော်စကာ ဂိုလော့ခ်ကို ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေကြပါတယ်။ ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ဂိုလော့ခ်ဟာ ဆဲလ်ဘတ်အသင်းမှာ ခြေစွမ်းပြသနေသလို ယူရို ၂၀၂၄ ခြေစစ်ပွဲဝင် အစ္စရေးလ် လက်ရွေးစင်အသင်းမှာလည်း အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားခွင့်ရနေသူဖြစ်ပါတယ်။

၆။ သောမတ် ပါတေးတစ်ယောက် ရက်သတ္တပတ်နဲ့ချီပြီး အနားယူရဖို့ရှိနေကြောင်း နည်းပြအာတီတာက ထပ်မံအတည်ပြုပြောဆိုလာပါတယ်။ လာမယ့်အောက်တိုဘာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပြန်ကစားနိုင်ဖွယ်ရှိတယ်လို့ ကနဦးက သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ယခုအချိန်မှာ အာတီတာရဲ့ပြောဆိုချက်အရ ကစားသမားရဲ့ဒါဏ်ရာအခြေအနေဟာ မျှော်လင့်ထားတာထက်ပိုပြီး တိုးတက်မှုရှိနေတယ်လို့ သိထားရပါတယ်။

Leave a Reply