၁၈-၉-၂၀၂၃ နံနက်ခင်းပိုင်း အာဆင်နယ် သတင်းတိုများ

၁။ အာဆင်နယ် နည်းပြ မီခယ် အာတီတာကတော့ အဲဗာတန်နဲ့ပွဲစဉ်မှာ တောင်ပံကြယ်ပွင့် မာတီနယ်လီတစ်ယောက် ကြွက်သားဒါဏ်ရာ ရရှိသွားခဲ့တာမှန်ပေမယ့် အလားတူဝေဒနာမျိုးခံစားခဲ့ရတဲ့ တခြားကစားသမားတွေ ရှိနေသေးတယ်လို့ ဖွင့်ဟပြောဆိုလာပါတယ်။ “အကြမ်းဖျဉ်းပြောရမယ်ဆိုရင် အဲဒီပွဲမှာ ဒီလို ကြွက်သားဒါဏ်ရာမျိုး ခံစားခဲ့ရတာ သူတစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါပေမယ့် သူကတော့ ဆက်မကစားနိုင်တော့တာမို့ လူစားလဲခဲ့ရတာပါ” လို့ အာတီတာက ပြောသွားပါတယ်။

၂။ ပရီးမီးယားလိဂ် ထုတ်လုပ်ရေးရဲ့ သုံးသပ်သူတစ်ဦးဖြစ်တဲ့ အလန် ရှီးယားရားကတော့ တိုက်စစ်မှူး အက်ဒီ နကီတီယာအနေနဲ့ အာဆင်နယ်လို အသင်းမျိုးရဲ့တိုက်စစ်မြှားဦးမှာ ဦးဆောင်ခွင့်ပုံမှန် ရချင်တယ်ဆိုရင် ခုထက်ပိုပြီး ထက်မြက်တဲ့ခြေစွမ်းမျိုးကို ထုတ်ဖော်ပြသနိုင်ဖို့ လိုအပ်မှာဖြစ်ကြောင်း သတိပေးစကားပြောဆိုလိုက်ပါတယ်။ လက်ရှိအာဆင်နယ်ရဲ့ အနေအထားအရ သူတို့ရဲ့တိုက်စစ်မှာ ‘Elite’ Level တိုက်စစ်မှူးမျိုးလိုအပ်နေပြီး နကီတီယာအနေနဲ့ သူဟာ ဒီနေရာနဲ့ထိုက်တန်မှုရှိတယ်ဆိုတာကို သက်သေမပြနိုင်ရင် အခွင့်အရေးဆုံးရှုံးရလိမ့်မယ်လို့ ရှီးယားရာက ပြောသွားသလို အဲဗာတန်နဲ့ပွဲစဉ်က ခြေစွမ်းမျိုးကို အားမရကြောင်းလည်း ဆိုခဲ့ပါတယ်။

၃။ နာမည်ကျော် အစီအစဉ်တင်ဆက်သူ ပီးယားစ် မော်ဂန်ကတော့ အဲဗာတန်နဲ့ပွဲစဉ်မှာ အာရွမ် ရမ်းစ်ဒေးလ်ကို ကျော်ပြီး ဒေးဗစ် ယာရာကို ပွဲထွက်ခွင့်ပေးခဲ့တဲ့ အာဆင်နယ်နည်းပြ မီခယ် အာတီတာရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပါတယ်။ အာတီတာရဲ့ အပြုအမူဟာ အင်္ဂလိပ်ဂိုးသမားအပေါ် အရှက်ခွဲရာရောက်တယ်လို့ မှတ်ချက်ပြုသွားပြီး ရမ်းစ်ဒေးလ်ရဲ့ လက်စွမ်းဟာ သာမန် EPL ပွဲစဉ်တစ်ပွဲကနေ ချန်လှပ်ရလောက်တဲ့အထိ ဆိုးရွားမနေဘူးလို့ ပြောသွားပါတယ်။ “ရမ်းစ်ဒေးလ်အပေါ် ခုလိုဆက်ဆံပုံမျိုးကို ကျနော် သဘောမကျပါဘူး။ ဒါကအလှည့်ကျကစားစေတဲ့ စနစ်ကြောင့်ဆိုရင် ဂိုးသမား ၂ ယောက်ကို အလှည့်ကျပွဲထုတ်ပြီး ဖလားရသွားတဲ့ အသင်းရှိဖူးလို့လား ပြကြည့်စမ်းပါ” လို့ သူက ဆက်ပြောခဲ့ပါတယ်။

၄။ ဂယ်ရီ နဗီးလ်ကတော့ မန်စီးတီးနည်းပြ ပပ် ဂွာဒီယိုလာအနေနဲ့ မကြာခင်နှစ်တွေမှာ အာဆင်နယ် အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ကို ခေါ်ယူဖို့ ကြိုးပမ်းလာမှာသေချာတယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။ “လွန်ခဲ့တဲ့နှစ်တွေအတွင်း ပရီးမီးယားလိဂ်မှာ လှပညက်ညောစွာ ကစားပြနိုင်ဆုံး ကွင်းလယ်လူ ဘယ်သူတွေရှိလဲ၊ ဒီဘရိုင်းနားနဲ့ ဒေးဗစ် ဆေးလ်ဗားတို့ပဲ မဟုတ်လား။ ခု အိုဒီဂတ်က ဒီလိုအဆင့်အတန်းမျိုးကိုရောက်ဖို့ နီးစပ်လာနေပါပြီ။ တတိယဇုံကို လွှမ်းမိုးထားနိုင်တယ်၊ ဂိုးသွင်းနိုင်တယ်၊ ဂိုးဖန်တီးပေးနိုင်တယ်။ ဒီလိုကစားသမားမျိုးတွေကို ဂွာဒီယိုလာ သိပ်သဘောကျတတ်တယ်ဆိုတာ သေချာပါတယ်” လို့ နဗီးလ်က ပြောခဲ့တာပါ။

၅။ အာဆင်နယ် ဂန္တဝင် အီယန် ရိုက်ကတော့ ဂန်းနားတွေအနေနဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာ အမှတ်ပေးချန်ပီယံဆုနဲ့ ဝေးကွာနေမှုကို အဆုံးသတ်နိုင်ဖို့ဆိုရင် ယခုထက်ပိုပြီး အားထုတ်ကြိုးစားဖို့ လိုအပ်သလို မန်စီးတီးနဲ့ အမှတ်ကွာဟချက်ကိုလည်း အလျှင်အမြန်လျှော့ချနိုင်ဖို့ စွမ်းဆောင်ရမှာဖြစ်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ အာဆင်နယ်မှာ ချန်ပီယံဆုအတွက် အခွင့်အလမ်းရှိနေတယ်လို့ ယုံကြည်ကြောင်းလည်း သူက ပြောခဲ့ပါတယ်။

၆။ ရာသီကုန်ချိန်မှာ ထွက်ခွာတော့မယ့် ဗီနိုင်း ဗန်ကက်တီရှန်ရဲ့ နေရာမှာ အစားထိုးမယ့် စီအီးအိုသစ်ကို အာဆင်နယ်အသင်းဘက်က အလျှင်စလို ရှာဖွေသွားမှာမဟုတ်ပဲ အချိန်ယူပြီး လုပ်ဆောင်သွားဖို့ရှိနေပါတယ်။ လက်တလောမှာတော့ အဆိုပါရာထူးအတွက် အသင်းရဲ့ ပါတနာရှစ် ဒါရိုက်တာဟောင်း ဖယ်လစ်စတီ ဘားနက်ဒ်က ရေပမ်းစားနေပါတယ်။

Leave a Reply