၂၀-၉-၂၀၂၃ နံနက်ခင်းပိုင်း အာဆင်နယ် သတင်းတိုများ

၁။ ဂန္တဝင်ဟောင်း အီယန် ရိုက်ကတော့ အဲဗာတန်နဲ့ပွဲစဉ်တုန်းကလို ခြေစွမ်းမျိုးအတိုင်းသာဆိုရင် အရံခုံပြန်ထိုင်ရလိမ့်မယ်လို့ အက်ဒီ နကီတီယာကို သတိပေးစကားပြောဆိုသွားပါတယ်။ အဆိုပါပွဲစဉ်မှာ နကီတီယာရဲ့ ပင်နယ်တီဧရိယာအတွင်း လှုပ်ရှားမှုတွေဟာ အားရဖွယ်ရာမရှိကြောင်းနဲ့ ထိပ်သီးအသင်းတစ်သင်းရဲ့ တိုက်စစ်မြှားဦးက တိုက်စစ်မှူးတစ်ယောက်အတွက် လုံလောက်မှုမရှိတဲ့ အားထုတ်မှုမျိုးဖြစ်ကြောင်း ရိုက်က မှတ်ချက်ပြုခဲ့ပါတယ်။

၂။ ACL ဒါဏ်ရာကြောင့် တစ်ရာသီလုံးအနားယူရမယ်လို့ သိထားရတဲ့ ခံစစ်မှူး ယူရီယန် တင်းဘားတစ်ယောက် ချိုင်းထောက်မပါပဲ လမ်းလျှောက်နိုင်တဲ့အထိ ဒါဏ်ရာအခြေအနေ သက်သာလာတာကြောင့် ၎င်းကစားသမား အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်မယ့်အချိန်ဟာ မျှော်မှန်းထားတာထက် သိသာစွာ စောလျှင်ဖွယ်ရှိနေတယ်လို့ Evening Standard က သုံးသပ်ဖော်ပြသွားပါတယ်။

၃။ အဲဗာတန်နဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ကြွက်သားဒါဏ်ရာကြောင့် တောင်ပံတိုက်စစ်မှူး ဂါဘရီယယ် မာတီနယ်လီအနေနဲ့ လာမယ့် ပီအက်စ်ဗီနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်တော့မှာဖြစ်ကြောင်း နည်းပြ မီခယ် အာတီတာက အတည်ပြုပြောဆိုသွားပါတယ်။ အာတီတာအနေနဲ့ မာတီနယ်လီရဲ့ ဒါဏ်ရာအခြေအနေ ဘယ်လောက်ပြင်းထန်မှုရှိလဲဆိုတာကိုတော့ ထုတ်မပြောသွားခဲ့ပါဘူး။

၄။ မန်စီးတီးအသင်းက ရက်စတား ဘဲလ်ဂရိတ်အသင်းကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အဓိက ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဘာနာဒို ဆေးလ်ဗား ဒါဏ်ရာရရှိသွားခဲ့ကြောင်းနဲ့ ပွဲစဉ်တစ်ချို့လွဲချော်ဖို့ရှိနေကြောင်း နည်းပြ ပပ် ဂွာဒီယိုလာက အတည်ပြုပြောဆိုသွားပါတယ်။ အဆိုပါ လွဲချော်မယ့်ပွဲစဉ်တွေထဲမှာ အောက်တိုဘာလ ၉ ရက်နေ့မှာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်လည်း ပါဝင်နေဖွယ်ရှိနေပါတယ်။

၅။ 90 Min သတင်းဌာနရဲ့ ဖော်ပြချက်တွေအရ အာဆင်နယ် ဂိုးသမား အာရွမ် ရမ်းစ်ဒေးလ်ဟာ အမ်းမရိတ်ကလပ်ကို စွန့်ခွာပြီး ချယ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ပါဝင်စားမှုလုံးဝမရှိသလို သူ့ရဲ့ ကိုယ်စားလှယ်တွေဟာလည်း အဆိုပါကလပ်နဲ့ ဆွေးနွေးခဲ့တာမျိုးမရှိထားဘူးလို့ သိထားရပါတယ်။ ယခုရက်ပိုင်းသတင်းတွေမှာတော့ ချယ်ဆီးအသင်းဟာ ရမ်းစ်ဒေးလ်ကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေတာပါ။

၆။ ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးဟာ လာမယ့်ဇန်နဝါရီလမှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး အဆိုပါ တိုက်စစ်မှူးကို ခေါ်ယူဖို့ အာဆင်နယ်အသင်းနဲ့ ချယ်ဆီးအသင်းတွေက အလေးအနက်ထား ကြိုးပမ်းနေကြကြောင်း ဗြိတိန်မီဒီယာတွေက ခိုင်ခိုင်မာမာ ဖော်ပြလာကြပါတယ်။ ၂၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ တိုနေးဟာ လက်တလောမှာတော့ လောင်းကစားမှုကြောင့် ကာလရှည်ပွဲပါယ်ခံထားရပါတယ်။

Leave a Reply