၁။ ဂန္တဝင်ဟောင်း အီယန် ရိုက်ကတော့ အာဆင်နယ်အသင်းအနေနဲ့ လာမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ တော့တင်ဟမ်တိုက်စစ်မှူး ရီချာလီဆင်ကို သတိထားဖို့ လိုအပ်လိမ့်မယ်လို့ သတိပေးစကားဆိုလိုက်ပါတယ်။ ကာလရှည် ဂိုးပေါက်ပျောက်ဆုံးနေခဲ့တဲ့ ရီချာလီဆင်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ပွဲစဉ်မှာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့ပါတယ်။ အီယန် ရိုက်ကတော့ ရီချာလီဆင်ဟာ လမ်းစတစ်ခုပေါ်ကို စတင်ရောက်ရှိသွားပြီဖြစ်တာမို့ သတိထားရတော့မှာဖြစ်ကြောင်း မှတ်ချက်ပြုသွားခဲ့ပါတယ်။
၂။ No Tippy Tappy Football show ရဲ့ Host ဖြစ်သူ တက်ဒီ ရှရင်ဂမ်က ဗြိတိန် ဝါရင့်နည်းပြဟောင်းကြီး ဆမ် အလာဒိုက်စ်ကို အာဆင်နယ်ကစားသမား မာတင် အိုဒီဂတ်နဲ့ စပါး ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင်တို့ထဲက သူနှစ်သက်ရာ ကစားသမားကို ရွေးချယ်ခိုင်းခဲ့ရာမှာ ဘစ်ဆမ်ကြီးကတော့ နော်ဝေကြယ်ပွင့်ကို ရွေးချယ်ခဲ့ပါတယ်။ ဒါ့အပြင် ဘစ်ဆမ်ကြီးက “အိုဒီဂတ်ပါပေါ့ဗျာ။ သူရဲ့ မနှစ်ကရာသီ ခြေစွမ်းဆိုရင်လည်း ကြောက်ခမန်းလိလိပဲ မဟုတ်လား” လို့ ပြောခဲ့ပါသေးတယ်။
၃။ အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ဟောင်း သီယာရီ အွန်ရီက အာဆင်နယ်အသင်းဟာ ဂိုးသမား ဒေးဗစ် ရာယာကြောင့် အမှတ်ပေးဖလားကို အရယူနိုင်လိမ့်မယ်လို့ မှတ်ချက်ပြုသွားပါတယ်။ “သူ့အနေနဲ့ အရည်အသွေးရှိတဲ့ ဂိုးသမားတစ်ယောက်ကို လိုချင်ခဲ့တာ သိသာပါတယ်။ ဘယ်လိုအရည်အသွေးမျိုးလဲဆိုရင် အမှတ်ပေးဖလားကို အရယူပေးနိုင်မယ့် ဂိုးသမားမျိုးပေါ့။ ကျနော်လည်း ဒီလိုအိုင်ဒီယာကို လက်ခံပါတယ်။ ဒါကြောင့် သူက ရာယာကို ပွဲထွက်ခွင့်ပြုနေတာပါ။ ဒီဆုံးဖြတ်ချက်ကို ခင်ဗျားတို့ လေးစားဖို့ လိုအပ်ပါတယ်။ ဒါက မှန်ခြင်း၊ မှားခြင်းကိစ္စမျိုး မဟုတ်ပါဘူး” လို့ အွန်နရီက မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။
၄။ နည်းပြ အာတီတာကတော့ အသင်းခေါင်းဆောင် အိုဒီဂတ်ကို စာချုပ်သက်တမ်းတိုးမြှင့်ခဲ့တဲ့ အကြောင်းပြချက်ကတော့ အဆိုပါကြယ်ပွင့်ဟာ မှန်ရာကို လုပ်ရဲပြီး တည်ကြည်လေးနက်တဲ့အပြင် နှစ်လိုဖွယ်လည်းကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်နေတာကြောင့်လို့ ပြောဆိုခဲ့ပါတယ်။ အိုဒီဂတ်အနေနဲ့ သူ့ကို အိမ်လို့ခံစားမိစေတဲ့ ကလပ်အသင်းတစ်သင်းကို ရှာဖွေနိုင်ခဲ့ပြီဖြစ်တယ်လို့ အာတီတာက ဆိုသွားခဲ့ပါသေးတယ်။
၅။ ဂါဘရီယယ် ဂျီဇူးဟာ အသင်းရဲ့ ချန်လှပ်လို့မရတဲ့ ကစားသမားဖြစ်တယ်လို့ အီယန် ရိုက်က မှတ်ချက်ပြုသွားပါတယ်။ ၂၆ နှစ်အရွယ်တိုက်စစ်မှူးရဲ့ ခြေစွမ်းဟာ (ဒါဏ်ရာကင်းစင်နေမယ်ဆိုရင်) တည်ငြိမ်မှု အပြည့်ရှိပြီး အသင်းရဲ့ ကစားကွက်အပေါ်မှာလည်း သက်ရောက်မှုကြီးမားသူဖြစ်ကြောင်း သူက ဆိုခဲ့ပါတယ်။ သူ့ရဲ့ လုပ်အားနှုန်း၊ ဂိုးသွင်းစွမ်းရည်နဲ့ နေရာယူပုံတွေကလည်း အသင်းအတွက် အများကြီး အထောက်အကူဖြစ်စေကြောင်း ရိုက်က မှတ်ချက်ပြုသွားပါတယ်။
၆။ လီဂူး-၂ ကလပ် ထရွိုက်ယက်စ်အသင်းက ဘရာဇီးလ်လူငယ်တိုက်စစ်မှူး ဆဗင်ညိုက သူ့အနေနဲ့ ၂၀၂၂ ခုနှစ်တုန်းက ပြင်သစ်ကလပ်ထံ မပြောင်းရွှေ့လာခင်တုန်းက အာဆင်နယ်ရဲ့ ချဉ်းကပ်မှုကို ငြင်းဆန်ပါယ်ချခဲ့တယ်လို့ ဖွင့်ဟလာပါတယ်။ “အဲဒီတုန်းက အာဆင်နယ်နဲ့ ဘရာဂန်တီနို (ဘရာဇီးလ်ကလပ်) တို့က ကျနော့်ကို လိုချင်ခဲ့ကြပါတယ်။ ဒါပေမယ့် ထရွိုက်ယက်စ်က City Group က ပိုင်ဆိုင်ထားတဲ့ကလပ်ဆိုတာ ကျနော်သိထားပါတယ်။ ဒီမှာ ခြေစွမ်းပြနိုင်ရင် တစ်နေ့မှာကျနော် မန်စီးတီးအတွက် ကစားပေးခွင့်ရနိုင်ပါတယ်။ ဒါကြောင့် ကျနော် ဒီကလပ်ကို ရွေးချယ်ခဲ့တာပါ” လို့ သူက ပြောသွားခဲ့ပါတယ်။