၁။ ဝက်စ်ဟမ်း ညာနောက်ခံလူ ဗလာဒီမီယာ ကူဖယ်ကတော့ ဒက်ကလန် ရိုက်စ်ကို ရောင်းချလိုက်တာဟာ သူတို့အသင်းအတွက် ပိုကောင်းဖို့ အကြောင်းတရားဖြစ်လာစေတယ်လို့ ယုံကြည်ကြောင်း ဖွင့်ဟလာပါတယ်။ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ် မိုရက်စ်အနေနဲ့ ရိုက်စ်ကို ရောင်းချလို့ရလာတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ အသင်းနဲ့ကိုက်ညီမှုရှိတဲ့ ကစားသမားသစ် အများပြားကို ခေါ်ယူနိုင်ခဲ့တာမို့ သူတို့အသင်းတွက် အကျိုးဖြစ်ထွန်းစေခဲ့တယ်လို့ ကူဖယ်က ပြောသွားပါတယ်။
၂။ ဘရာဇီးလ်ကလပ် ပါရာနေယန်ဆေးအသင်းမှာကစားနေဆဲဖြစ်တဲ့ ဘာစီလိုနာ လူငယ်တိုက်စစ်မှူးသစ် ဗစ်တာ ရိုကေးဟာ အဆိုပါကလပ်အတွက် ကစားပေးရင်း ဆိုးဆိုးရွားရွား ပြင်းထန်တဲ့ ခြေကျင်းဝတ်ဒါဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ လာမယ့်ဇန်နဝါရီလမှာ ဘာစီလိုနာအသင်းထံကို ယူရို သန်း ၃၀ နဲ့ ပြောင်းရွှေ့လာဖို့ သဘောတူစာချုပ်ချုပ်ဆိုထားပြီးဖြစ်တဲ့ ရော့ကေးတစ်ယောက် ၎င်းဒါဏ်ရာကြောင့် လနဲ့ချီပြီး အနားယူရဖွယ်ရှိနေကြောင်းလည်း သိရပါတယ်။
၃။ ချယ်ဆီးအသင်းခေါင်းဆောင် ရီးစ် ဂျိမ်းစ်ကို ခေါ်ယူဖို့ မျက်စိကျနေတဲ့အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ်အသင်းလည်း ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ ဂျာမန်ကလပ်ဟာ ၎င်းအင်္ဂလိပ်ကြယ်ပွင့်ကို လာမယ့်နွေမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ အဓိက ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။
၄။ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီက အသက် ၁၆ နှစ်အရွယ် ဗဟိုခံစစ်မှူး ဟယ်ရီဆင် ပါကာဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းထံ ပြောင်းရွှေ့ကစားဖို့ သဘောတူညီလိုက်ပြီဖြစ်ပါတယ်။ ပါရမီရှင် ခံစစ်မှူးတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ ဟယ်ရီဆင်အတွက် မန်ယူဘက်က ကမ်းလှမ်းတဲ့ သက်တမ်းတိုးစာချုပ်ပါ လုပ်ခလစာပမာဏဟာ အတော်လေးများပြားပေမယ့် ကာယကံရှင်ကတော့ မန်စီးတီးကိုသာ ရွေးချယ်သွားခဲ့တယ်လို့ သတင်းထောက် ရိုမာနိုက ပြောဆိုသွားခဲ့ပါတယ်။
၅။ မန်ယူအသင်း တာဝန်ရှိသူတွေက ဂျေဒန် ဆန်ချိုတစ်ယောက် နည်းပြဖြစ်သူ အဲရစ် တန်ဟက်ကို ပြန်လည်တောင်းပန်မယ်ဆိုရင် အသင်းဘက်က လှိုက်လှိုက်လှဲလှဲကြိုဆိုပေးမယ်လို့ ကမ်းလှမ်းစကားဆိုခဲ့ပေမယ့် ကာယကံရှင် ဆန်ချိုကတော့ ၎င်းကမ်းလှမ်းမှုကို ငြင်းဆန်ပါယ်ချပြီး အသင်းပြောင်းခွင့်ကိုသာ တောင်းဆိုခဲ့တယ်လို့ သတင်းတွေကဆိုပါတယ်။ ဒါကြောင့် မန်ယူအသင်းအနေနဲ့ လာမယ့်ဇန်နဝါရီမှာ အဆိုပါကစားသမားကို အရှုံးခံ ရောင်းထုတ်ဖို့ စီစဉ်နေရပြီဖြစ်ကြောင်း သိရပါတယ်။
၆။ တော့တင်ဟမ်အသင်းဟာ သူတို့ရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကြယ်ပွင့် ဆွန်ဟောင်မင်ကို ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်နိုင်စေမယ့် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။ ဆွန်ဟောင်မင်အနေနဲ့ လက်တလောမှာ အသက် ၃၁ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး အဆိုပါ စာချုပ်ကိုသာ လက်ခံခဲ့မယ်ဆိုရင် တော့တင်ဟမ်အသင်းမှာ အသက် ၃၃ နှစ်အရွယ်အထိ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။