၁။ နည်းပြ အာတီတာရဲ့ အတည်ပြုပြောဆိုချက်အရ တိုက်စစ်မှူး ဂါဘရီယယ် ဂျီဇူးဟာ လာမယ့် ပွဲစဥ် ၃ မှာ ယှဉ်ပြိုင်ကစားမယ့် ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဂျီဇူးရဲ့ ဒါဏ်ရာအခြေအနေနဲ့ပတ်သက်လို့ မူလတုန်းက နိုင်ငံတကာပွဲစဉ်ကာလဝန်းကျင်မှသာ ဘောလုံးပြန်ကစားနိုင်လိမ့်မယ်လို့ ခန့်မှန်းထားခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ကစားသမားဟာ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်နေတဲ့အထိ တိုးတက်မှုရှိလာခဲ့တာဖြစ်ပါတယ်။
၂။ ဖိုလာရင် ဘာလိုဂန်ရဲ့ အပြောင်းအရွှေ့ဟာ အလုံးစုံသဘောတူညီချက် ရရှိသွားပြီဖြစ်ပြီး ဒီနေ့မှာ အပြီးသတ်မှာဖြစ်ကြောင်း ထိပ်တန်းသတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုပြောဆိုသွားပါတယ်။ မိုနာကိုအသင်းဟာ ဘာလိုဂန်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ + အပိုဆုကြေးနဲ့ ခေါ်ယူသွားခဲ့တာပါ။ ဂန်းနားတွေဟာ အဆိုပါအပြောင်းအရွှေ့မှာ Sell-on clause သဘောတူညီချက် ထည့်သွင်းနိုင်ခဲ့တာမို့ မိုနာကိုအသင်းက ဘာလိုဂန်ကို ပြန်လည်ရောင်းချမယ်ဆိုရင် အာဆင်နယ်ထံ ပြောင်းရွှေ့ကြေးတစ်စိတ်တစ်ပိုင်း ခွဲဝေပေးရမှာဖြစ်ပါတယ်။
၃။ ဖူလ်ဟမ်နဲ့ ပွဲစဉ်မတိုင်ခင်မှာ ပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နည်းပြအာတီတာက သူ့အနေနဲ့ Inverted full-back ၂ ဦးကို ပွဲစဉ်တစ်ခုတည်းမှာ တစ်ပြိုင်နက်တည်း အသုံးပြုခြင်း ပြု/မပြုဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး တိကျသေချာတဲ့ ဆုံးဖြတ်ချက် ချမှတ်ထားခြင်းမရှိသေးကြောင်း ထုတ်ပြောလာပါတယ်။ အာဆင်နယ်အသင်းဟာ ဘယ်တောင်ပံနဲ့ ညာတောင်ပံခံစစ်တွေမှာ Inverted full-back အဖြစ်ကစားနိုင်သူ အများအပြားကို ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပြီး လက်ရှိကစားနေတဲ့ ကစားကွက်မှာတော့ ၁ ဦးကိုသာ ထည့်သွင်း အသုံးပြုလေ့ရှိပါတယ်။
၄။ စပိန်သတင်းအရင်းအမြစ်တွေရဲ့ ဖော်ပြချက်တွေအရ အာဆင်နယ်အသင်းဟာ ခံစစ်ပိုင်းမှာ လူအင်အားဖြည့်တင်းဖို့အတွက် ဘာစီလိုနာအသင်းက ဗဟိုခံစစ်မှူး အဲရစ် ဂါစီယာကို ချဉ်းကပ်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်နည်းပြ မီခယ် အာတီတာဟာ အဲရစ် ဂါစီယာကို မန်စီးတီးမှာကစားနေစဉ်ကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးသူဖြစ်ပြီး သူ့ရဲ့ စိတ်ကြိုက်ခံစစ်မှူးတွေထဲက တစ်ဦးလို့ သိထားရတာပါ။ လက်တလောမှာတော့ ဘာစီလိုနာအသင်းကလည်း ဂါစီယာကို အသင်းကနေ ထွက်ခွာခွင့်ပြုထားပြီး တန်ကြေးအဖြစ် ယူရို ၁၀ သန်းသာ သတ်မှတ်ထားပါတယ်။
၅။ အာဆင်နယ်ပရိတ်သတ်တစ်ယောက်အဖြစ် နာမည်ကျော်တဲ့ EPL တိုက်စစ်မှူးဟောင်း ဒါရင်း ဘန့်ခ်ကတော့ ဂန်းနားတွေအနေနဲ့ တိုက်စစ်ပိုင်းမှာ အင်အားဖြည့်တင်းဖို့အတွက် ချယ်ဆီးတိုက်စစ်မှူး ရိုမီလူ လူကာကူကို အငှားခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောဆိုသွားပါတယ်။ ဘန့်ခ်ကတော့ အာဆင်နယ်အသင်းရဲ့ အထောင်တိုက်စစ် ဧရိယာဟာ အားနည်းနေဆဲဖြစ်ပြီး ဂျီဇူးရဲ့ ကြံ့ခိုင်မှုကလည်း ၁၀၀% စိတ်မချရသေးတာမို့ ချယ်ဆီးက အတင်းနှင်ထုတ်ချင်နေတဲ့ လူကာကူလို အတွေ့အကြုံရင့် တိုက်စစ်မှူးမျိုးကို ပေါချောင်ကောင်းစျေးနဲ့ အငှားခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောဆိုသွားခဲ့တာပါ။
၆။ Football London ရဲ့ အာဆင်နယ်သတင်းထောက်ချုပ် ကာယာ ကေနက်က လာမယ့် အပြောင်းအရွှေ့ လက်ကျန်ရက်တွေမှာ အာဆင်နယ်အသင်း ကစားသမားသစ်ခေါ်ယူဖြည့်တင်းလိမ့်မယ်လို့ သူ့အနေနဲ့ မထင်မိကြောင်း သုံးသပ်ပြောဆိုလာပါတယ်။ တီယာနီနဲ့ ရော့ဘ် ဟိုးလ်ဒင်း ၂ ဦးလုံးကို ရောင်းချနိုင်ခဲ့မယ်ဆိုရင်တော့ ခံစစ်မှူး ပြန်လည်ခေါ်ယူနိုင်ခြေ အနည်းငယ်ရှိပေမယ့် တခြားနေရာတွေကိုတော့ ဖြည့်တင်းမှာမဟုတ်တာ သေချာတယ်လို့ သူကဆိုသွားပါတယ်။