၁။ မီခယ် အာတီတာကတော့ ယခုနှစ်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်နိုင်တဲ့ အခွင့်အရေးရှိတယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။ “ကျွန်တော်တို့ ဒီပြိုင်ပွဲကို ရောက်လာခဲ့ပါပြီ။ ဒါကြောင့် ကျွန်တော်တို့မှာ (ချန်ပီယံဖြစ်နိုင်တဲ့) အခွင့်အလမ်းရှိတာ အမှန်ပါပဲ” လို့ သူက ပြောခဲ့ပါတယ်။
၂။ မိုနာကိုထံ ပြောင်းရွှေ့သွားပြီဖြစ်တဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်က သူ့အနေနဲ့ ပြင်သစ်ကလပ်ထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချမှတ်ရာမှာ အာဆင်နယ်ဂန္တဝင်ဟောင်း သီယာရီ အွန်နရီထံကနေ အကြံဉာဏ်ရယူခဲ့တယ်လို့ ဝန်ခံပြောဆိုလာခဲ့ပါတယ်။ အွန်နရီက သူ့ကို ချီးမွမ်းစကားဆိုခဲ့သလို မိုနာကိုအသင်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုလည်း သေချာရှင်းပြပေးခဲ့ကြောင်း ဘာလိုဂန်က ဖွင့်ဟသွားခဲ့တာပါ။
၃။ ကစားကွက် အပြောင်းအလဲကြောင့် ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ စပိန်လူမျိုး မန်နေဂျာ မီခယ် အာတီတာက သူ့ရဲ့ နည်းဗျူဟာနဲ့ပတ်သက်လို့ ခုလိုမျိုး တုန့်ပြန်ပြောဆိုမှု ပြုလုပ်လိုက်ပါတယ်။ “ကျွန်တော်တို့ ကစားကွက်အကြောင်းကို မတူညီတဲ့ ရှုထောင့်တွေကနေ ရှုမြင်နေကြတာဖြစ်နိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ ပွဲစဉ်တစ်ပွဲထဲမှာ ကစားကွက် ၃၆ မျိုးလောက် ပြောင်းကစားတာမျိုးလုပ်ဖူးပါတယ်။ မန်စီးတီးကို ရင်ဆိုင်တုန်းကဆိုရင် ၄၃ မျိုးလောက် ပြောင်းခဲ့တာပါ။ ဆိုတော့ ခင်ဗျားတို့ပြောချင်တဲ့ ကစားကွက်အကြောင်းဆိုတာ ဘယ်ဟာလဲ ကျွန်တော် မသိပါဘူး” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။
၄။ HITC ရဲ့ ဖော်ပြချက်အရ ဆမ်ဘီ လိုကွန်ဂါရဲ့ ကိုယ်စားလှယ်တွေဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်တုန်းက သူတို့ရဲ့ ကစားသမားကို ခေါ်ယူနိုင်ကြောင်း ကွင်းလယ်လူ လိုအပ်ချက်ရှိနေတဲ့ လီဗာပူးလ်အသင်းထံ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ငြင်းဆန်ပါယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။ လိုကွန်ဂါဟာ လက်ရှိအချိန်မှာတော့ လူတန်တောင်းအသင်းထံ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။
၅။ အာဆင်နယ် မန်နေဂျာ မီခယ် အာတီတာက လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ကို လက်လွှတ်လိုက်ရတဲ့ အကြောင်းအရင်းကတော့ ၎င်းအတွက် လုံလောက်တဲ့ ပွဲကစားချိန်မိနစ်ကို ပေးနိုင်ဖို့ အခွင့်အရေး မရှိတာကြောင့်ဖြစ်တယ်လို့ မန်ယူနဲ့ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ကစားသမားကိုယ်တိုင်က ပွဲကစားချိန် လုံလုံလောက်လောက်ရရှိချင်နေသလို အသင်းဘက်မှာလည်း သူ့ကို လုံလောက်တဲ့ပွဲကစားချိန်ပေးနိုင်ဖို့ မလွယ်ကူတာကြောင့် ခုလိုမျိုးဆုံးဖြတ်ခဲ့ရတာဖြစ်ပြီး သူ့ရဲ့အနာဂတ်အတွက် ပျော်ရွှင်မိတယ်လို့ ပြောသွားပါတယ်။
၆။ အာဆင်နယ်အသင်းရဲ့ မန်နေဂျာဖြစ်သူ အာတီတာကတော့ အီမီလီ စမစ်ရိုးဟာ အာဆင်နယ်အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေဆဲဖြစ်ပေမယ့် ပွဲထွက်ခွင့်ရဖို့ဆိုရင် အဆိုပါအခွင့်အရေးနဲ့ ထိုက်တန်မှု ရှိကြောင်း သက်သေပြနိုင်ဖို့တော့ လိုအပ်တယ်လို့ ယမန်နေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ သူ့ရဲ့ အရေးပါမှုနဲ့ အသင်းအပေါ် သက်ရောက်မှုတွေနဲ့ပတ်သက်ပြီးလည်း ကာယကံရှင်နဲ့ တေ့တေ့ဆိုင်ဆိုင် စကားပြောဆိုထားပြီးဖြစ်တယ်လို့ အာတီတာက ပြောဆိုသွားခဲ့ပါသေးတယ်။