(၃၀-၈-၂၀၂၃) နံနက်ခင်းပိုင်း အာဆင်နယ် သတင်းတိုများ

၁။ အာဆင်နယ်အသင်းဟာတိုက်စစ်နေရာကို ဖြည့်တင်းဖို့အတွက် နာပိုလီအသင်းက နိုက်ဂျီးယားတိုက်စစ်မှူး ဗစ်တာ အိုဆင်မန်ကို ပစ်မှတ်ထားနေပြီး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာနေပါတယ်။ Football Transfers ရဲ့ ဖော်ပြချက်အရ နည်းစနစ်ဒါရိုက်တာ အီဒူးဟာ အိုဆင်မန်ရဲ့ အေးဂျင့်ဖြစ်သူ ရော်ဘတ်တို ကလန်ဒါနဲ့ နာပိုလီအသင်းပိုင်ရှင် အော်ရယ်လီယို ဒီလော်ရန်းတီးစ်တို့ထံကို ဆက်သွယ်စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိထားရတာပါ။ ဒါပေမယ့် အဆိုပါသတင်းမှာ ဖော်ပြထားချက်အရ ဂန်းနားတွေဟာ ၎င်းကစားသမားကို လာမယ့် ၂၀၂၄ ခုနှစ်မှသာ ခေါ်ယူဖို့ စိတ်ကူးထားတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကနဦးချဉ်းကပ်မှုတွေ စတင်ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

၂။ နော်တင်ဟမ်ဖော်ရက်စ်အသင်းဟာ အာဆင်နယ် ဘယ်နောက်ခံလူ နူနို တာဗာရက်စ်ကို တစ်ရာသီအငှားစာချုပ်စနစ်နဲ့ ပြောင်းရွှေ့ကစားဖို့ အလုံးစုံ သဘောတူညီချက်ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပေါ်တူဂီ ယူ-၂၁ ကစားသမား တာဗာရက်စ်ဟာ ယမန်နှစ်ရာသီတုန်းက ပြင်သစ်ကလပ် မာဆေးလ်အသင်းထံ အငှားသွားရောက် ကစားခဲ့သူဖြစ်ပါတယ်။

၃။ ချယ်ဆီးအသင်းဟာ အာဆင်နယ်ကွင်းလယ်လူ အီမီလီ စမစ်ရိုးကို ကစားသမား အလဲအထပ်စနစ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုတစ်ရပ်ပြုလုပ်ခဲ့ပေမယ့် ဂန်းနားတွေဘက်က ၎င်းကမ်းလှမ်းချက်ကို ငြင်းဆန်ပါယ်ချခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ လက်တလောမှာ စမစ်ရိုးကို ရောင်းချဖို့ စိတ်ကူးမရှိသေးပဲ အပြောင်းအရွှေ့ရာသီကုန်ဆုံးချိန်အထိ အသင်းမှာသာ ဆက်လက်ထားရှိသွားဖို့ ရည်ရွယ်ထားကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

၄။ သတင်းထောက်တစ်ဦးဖြစ်တဲ့ ပေါလ် ဘရောင်းတော့ အာတီတာတစ်ယောက် ကွင်းလယ်လူ ကိုင် ဟားဗက်ဇ်ကို အလွန်အကျူးကာကွယ်ပေးနေတာဟာ ကိုယ့်ပြဿနာကိုယ်ရှာနေတာသာဖြစ်တယ်လို့ ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။ ဘရောင်းကတော့ အာတီတာအနေနဲ့ ဟာဗက်ဇ်ကို အလှည့်ကျစနစ်နဲ့သာ ပွဲထွက်စေပြီး တဖြည်းဖြည်းချင်းအထိုင်ကျအောင် လုပ်ဆောင်သင့်တယ်လို့ တိုက်တွန်းသွားခဲ့တာပါ။

၅။ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာကတော့ 2023 Men’s PFA Young Player of the Year ဆုကို ရရှိခဲ့တာဟာ အလွန်ဂုဏ်ယူဖို့ကောင်းတဲ့ ကိစ္စတစ်ခုဖြစ်ကြောင်းနဲ့ အလွန်ထူးခြားတဲ့ စိတ်ခံစားချက်မျိုးကို ခံစားမိစေတယ်လို့ ထုတ်ပြောလာပါတယ်။ အဆိုပါဆုကို အာဆင်နယ်ကစားသမားဟောင်းတွေထဲက တိုနီ အဒမ်၊ နီကိုလပ် အနယ်ကာ၊ ဆက်စ် ဖာဘရီဂတ်စ်နဲ့ ဂျက် ဝီလ်ရှီးယားတို့ ရရှိခဲ့ဖူးပါတယ်။

၆။ တောင်ပံကစားသမားနီကိုလပ် ပက်ပေဟာ အသင်းမှာ သူ့အတွက် အခွင့်အရေး လုံးဝမရှိတော့တာကို သဘောပေါက်သွားခဲ့ပြီဖြစ်ပြီး ယခုအပြောင်းအရွှေ့ကာလနောက်ဆုံးရက်တွေမှာ အသင်းပြောင်းရွှေ့နိုင်ဖို့ အားထည့်လုပ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ သတင်းထောက် ပေါလ် ဘရောင်းက GIVEMESPORT ရဲ့ အစီအစဉ်တစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဘက်ကတော့ ပေါင် ၇၂ သန်းနဲ့ ခေါ်ယူထားပြီး တစ်ပတ်လုပ်ခ ပေါင် ၁၄၀၀၀၀ အထိ ပေးချေနေရတဲ့ ပက်ပေကို ရသမျှပြောင်းရွှေ့ကြေးနဲ့ ရောင်းထုတ်လိုနေတာပါ။

Leave a Reply