၃-၁၀-၂၀၂၃ မနက်ခင်းပိုင်း အာဆင်နယ်သတင်းတိုများ

၁။ ကွင်းလယ်လူ အီမီလီ စမစ်ရိုးဟာ လက်ရှိအချိန်အထိ မိနစ် ၉၀ အပြည့် ကစားနိုင်ဖို့အတွက် ကြံ့ခိုင်မှုပိုင်းအရာ ရုံးကန်နေရဆဲဖြစ်ကြောင်း နည်းပြ အာတီတာက ဝန်ခံပြောဆိုလာခဲ့ပါတယ်။ ကာလရှည် ကစားပွဲတွေနဲ့ ဝေးကွာနေခဲ့တဲ့ စမစ်ရိုးဟာ ပြီးခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ အသင်းအတွက် ပွဲထွက်ကစားပေးခွင့် ပြန်လည်ရရှိခဲ့သလို ဘုန်းမောက်သ်နဲ့ EPL ပွဲစဉ်မှာလည်း ဒုတိယပိုင်းမှာ လူစားဝင်ကစားခွင့်ရခဲ့ပေမယ့်လည်း သူ့ရဲ့ ကြံ့ခိုင်မှုအခြေအနေဟာ ရုံးကန်နေရဆဲ အနေအထားဖြစ်ကြောင်း အာတီတာက ထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။

၂။ The Sun ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်း တာဝန်ရှိသူတွေဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ခေါ်ယူဖို့ကြိုးပမ်းရာမှာ လက်ရှိအသင်းက အင်္ဂလိပ်ကြယ်ပွင့် အက်ဒီ နကီတီယာကို အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအဖြစ် အလိုက်ပေးကမ်းလှမ်းသွားဖို့ စိတ်ဆန္ဒရှိနေတယ်လို့ သိထားရပါတယ်။ ဘရန့်ဖို့ဒ်ဘက်က ၎င်းကစားသမားရဲ့ တန်ကြေးကို ပေါင် သန်း ၆၀ အထိ အလိုရှိနေတာကြောင့် အာဆင်နယ်အသင်းဘက်က ခုလိုမျိုး စီစဉ်လာတာပါ။

၃။ နည်းပြ အာတီတာကတော့ လာမယ့် Weekend မှာ မန်စီးတီးနဲ့ အရေးပါတဲ့ EPL ပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ရှိနေတဲ့အတွက် ကြားရက်မှာကစားရမယ့် လန်းစ်နဲ့ UCL ပွဲစဉ်ကို အာရုံစူးစိုက်မှု နည်းပါးစွာနဲ့ရင်ဆိုင်တာမျိုး လုံးဝပြုလုပ်သွားမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ သူကတော့ မေဂျာပြိုင်ပွဲ နှစ်ခုလုံးမှာ အာရုံစူးစိုက်မှုအပြည့်နဲ့ ရလဒ်ကောင်းအောင် ယှဉ်ပြိုင်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

၄။ မန်နေဂျာဖြစ်သူ မီခယ် အာတီတာကတော့ အသင်းမှာ ဝီလီယံ ဆာလီဘားရဲ့ အရေးပါမှု အခန်းကဏ္ဍဟာ ကြီးမားလှတယ်လို့ ဝန်ခံပြောဆိုလာခဲ့ပါတယ်။ “သူ ဖွံ့ဖြိုးတိုးတက်လာတာကို ခင်ဗျားတို့လည်း မြင်မှာပါ။ သူ့ရဲ့ အသင်းမှာ အခန်းကဏ္ဍကြီးမားလာမှုကိုရောပေါ့။ မနှစ်ကဆိုရင် သူ့ရဲ့ ခြေစွမ်းတည်ငြိမ်မှုက သိသာထင်ရှားလှပါတယ်။ ဒါက ငြင်းဆိုမရတဲ့အချက်ပါပဲ။ သူပိုင်ဆိုင်ထားတဲ့ အရည်အသွေးတွေ၊ တည်ရှိမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ အားသာချက်တွေ၊ အာရုံစူးစိုက်နိုင်စွမ်းတွေက ဦးဆောင်သူတစ်ယောက်ဆိုတာကို ညွှန်းဆိုပြနေပါတယ်” လို့ အာတီတာက ပြောသွားပါတယ်။

၅။ နည်းပြ မီခယ် အာတီတာကတော့ ယမန်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပူးပေါင်းနိုင်ခဲ့တဲ့ ကွင်းလယ်လူ သောမတ် ပါတေးရဲ့ အခြေအနေဟာ သိသိသာသာ တိုးတက်မှုရှိနေကြောင်းနဲ့ ကြံ့ခိုင်မှုပေါ်မူတည်ပြီး လာမယ့်ပွဲစဉ်တွေမှာ ထည့်သွင်းကစားစေသွားမှာဖြစ်ကြောင်း ပြောဆိုလာပါတယ်။ ပါတေးဟာ ပေါင်ခြံဒါဏ်ရာကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းကတည်းက အနားယူနေခဲ့ရသူ ဖြစ်ပါတယ်။

၆။ မန်ယူ ဂန္တဝင်ဟောင်း ဂယ်ရီ နဗီးလ်ကတော့ ယခုနှစ်ရာသီမှာ မန်စီးတီးတစ်သင်းဟာ အမှတ်ပေးဖလား ရယူနိုင်ဖို့ အခွင့်အလမ်းကောင်းနေတာမဟုတ်ပဲ အာဆင်နယ်အသင်းမှာလည်း အခွင့်အလမ်းရှိနေတယ်လို့ ပြောဆိုသွားပါတယ်။ ဒါ့အပြင် ဖလား ၃ လုံးချန်ပီယံဖြစ်ပြီးချိန်မှာ ကစားသမားတွေရဲ့ အာရုံစူးစိုက်မှုတွေ တဖြေးဖြေးလျော့ကျလာမှာဖြစ်တာကြောင့် အာဆင်နယ်အသင်းက အမှတ်ပေးချန်ပီယံဖြစ်ဖို့ အခွင့်အရေးပိုကောင်းတယ်လို့ သူက မှတ်ချက်ပြုခဲ့ပါသေးတယ်။

Leave a Reply