၁။ နည်းပြ မီခယ် အာတီတာကတော့ ပထမပိုင်းမှာ တောင်ပံလူ ဘူကာယို ဆာကာကို လူစားလဲလှယ်ခဲ့တာဟာ ကြွက်သားနာကျင်မှုဝေဒနာကြောင့်ဖြစ်ပြီး အဆိုပါဒါဏ်ရာဟာ ပြင်းထန်ခြင်း ရှိ/မရှိဆိုတာကို အတိအကျ သိရခြင်းမရှိသေးဘူးလို့ ပြောဆိုသွားပါတယ်။ ဒါပေမယ့် လာမယ့်ပွဲစဉ်တွေမှာ သူ ပါဝင်ကစားနိုင်စွမ်းမရှိမှာကိုတော့ စိုးရိမ်ပူပန်မိကြောင်း သူက ပြောခဲ့ပါတယ်။
၂။ အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ကတော့ အဓိက ပြိုင်ဘက် မန်စီးတီးအသင်း ရှုံးပွဲတွေ့သွားခြင်းဟာ သူတို့အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်တယ်ဆိုတာ မှန်ပေမယ့် ကိုယ့်အသင်းရဲ့ စွမ်းဆောင်ရည်အပေါ်မှာသာ အာရုံအပြည့်အဝစိုက်ထားကြောင်းနဲ့ လက်ရှိ EPL က ပြိုင်ဘက်အသင်းတွေတိုင်းဟာ ထက်မြက်မှုရှိကြတာကြောင့် ပွဲစဉ်တိုင်းဟာ ဘာမဆိုဖြစ်သွားနိုင်ကြောင်း မှတ်ချက်ပြုပြောဆိုလာပါတယ်။ သူတို့အနေနဲ့ တစ်ပွဲချင်းစီတိုင်းကိုသာ အာရုံစိုက် လုပ်ဆောင်သွားမယ်လို့ သူက ပြောခဲ့ပါတယ်။
၃။ မန်ယူဂန္တဝင်ဟောင်း ဂယ်ရီ နဗီးလ်ကတော့ အာဆင်နယ်အသင်းဟာ ကွင်းလယ်လူ ကိုင် ဟားဗက်ဇ်တစ်ယောက် ခြေစွမ်းကောင်းပြသနိုင်လာစေဖို့အတွက် ဘာမဆို လုပ်ဆောင်သွားမှာသေချာတယ်လို့ မှတ်ချက်ပြုလာပါတယ်။ ဒါ့အပြင် ကာယကံရှင်ကစားသမားဟာ ဂိုးပေါက်ဝရောက်ချိန်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပါးတဲ့ အသွင်သဏ္ဍာန်ကို သိသာထင်ရှားစွာ မြင်တွေ့နေရပြီး အဆိုပါပြဿနာဟာ ဂျာမန်သားအဓိက ဖြေရှင်းရမယ့် ပြဿနာဖြစ်ကြောင်းလည်း ၎င်းက ထောက်ပြသွားခဲ့ပါတယ်။
၄။ နည်းပြ အာတီတာကတော့ လန်းစ်အသင်း သွင်းယူသွားတဲ့ ပထမသွင်းဂိုးမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ပြိုင်ဘက်အသင်း ကစားသမား ဒီဗီယာ မာချာဒိုတစ်ယောက် ဘောလုံးကို လက်နဲ့ထိခဲ့ပေမယ့် ၎င်းသွင်းဂိုးကို ခွင့်ပြုခဲ့တဲ့ ကွင်းလယ်ဒိုင်ဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို စိတ်ဆိုးဒေါသထွက်နေပါတယ်။ အဆိုပါ သွင်းဂိုးဟာ ဒေးဗစ် ရာယာရဲ့ ဘောလုံးပေးပို့မှု အမှားကနေတဆင့် မာချာဒိုက ကြားဝင်ရယူကာ တန်ပြန်တိုက်စစ် ပြန်လည်စတင်ရင်း သွင်းယူနိုင်ခဲ့တာဖြစ်ပြီး မာချာဒိုတစ်ယောက် ဘောလုံးရယူချိန်မှာ လက်မောင်းနဲ့ ထိခဲ့တာဖြစ်ပါတယ်။
၅။ အာဆင်နယ်မှာ အလွန်ပျော်ရွှင်နေတဲ့ ခံစစ်မှူး ဘန်ဝှိုက်အနေနဲ့ အသင်းက ကမ်းလှမ်းလာတဲ့ စာချုပ်သစ်ကို အလွယ်တကူ လက်ခံသွားဖို့ရှိနေတယ်လို့ ထိပ်တန်းသတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ပြောသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဘန်ဝှိုက်ကို သက်တမ်းရှည် စာချုပ်သစ်တစ်ရပ်ချုပ်ဆိုဖို့ စီစဉ်နေပြီး ၎င်းခံစစ်မှူးဟာ စာချုပ်သစ်မှာ ပိုမိုမြင့်မားတဲ့ လစာနှုန်းထားတစ်ရပ်ကို ရရှိသွားမှာဖြစ်ကြောင်းလည်း သိထားရပါတယ်။ အာဆင်နယ်အသင်းဟာ ဘန်ဝှိုက်ကို ၂၀၂၁ ခုနှစ်တုန်းက ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ နဲ့ ဘရိုက်တန်အသင်းထံကနေ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။
၆။ ရီးရဲလ် ဆိုစီဒက်အသင်းမှာ အငှားသွားရောက်ကစားနေတဲ့ အာဆင်နယ်ခံစစ်မှူး ကီယန် တီယာနီဟာ ပေါင်ခြံဒါဏ်ရာရရှိသွားခဲ့တာကြောင့် ၁၀ ပတ်ကနေ ၁၂ ပတ်ဝန်းကျင်အထိ ကာလရှည် အနားယူရတော့မယ်လို့ သိရပါတယ်။ ဆိုစီဒက်ကို အငှားပြောင်းရွှေ့ပြီးကတည်းက တောက်လျှောက်ခြေစွမ်းပြသနိုင်နေတဲ့ တီယာနီဟာ ပြီးခဲ့တဲ့ရက်တုန်းက ကစားခဲ့တဲ့ ဘီလ်ဘာအိုအသင်းနဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၂၅ မိနစ်မှာ ဒါဏ်ရာကြောင့် လူစားလဲခံခဲ့ရတာပါ။ ဆေးစစ်ချက်ရလဒ်တွေအရ သူ့အနေနဲ့ ၃ လ ဝန်းကျင်အထိ အနားယူရတော့မယ်လို့ သိထားရပါတယ်။