၁။ ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကတော့ သူ့အနေနဲ့ ကွင်းလယ်မှာ No.6 role ရော No.8 role ကိုပါ အဆင်ပြေပြေ ကစားပေးနိုင်ကြောင်းနဲ့ No.6 ကတော့ သူ့အတွက်ပိုပြီး သက်သောင့်သက်သာဖြစ်စေတယ်လို့ ခံစားရကြောင်း ပြောဆိုလာပါတယ်။ “ကျွန်တော့်အတွက် Role ၂ ခုလုံးက အဆင်ပြေပါတယ်။ No.6 ကတော့ ပိုပြီး အသားကျနေတာပေါ့။ အမြဲတမ်း လေ့ကျင့်နေခဲ့တဲ့နေရာဖြစ်နေတာမို့ပါ။ No.8 ဆိုရင်လည်း အသင်းအတွက် ဧရိယာထဲမှာ အခွင့်အရေးတွေ ပိုရအောင် လုပ်ပေးနိုင်ပါတယ်။ မန်နေဂျာရဲ့ ဆန္ဒအတိုင်း ကျွန်တော် လိုက်ကစားပေးနိုင်ပါတယ်” လို့ သူကပြောခဲ့တာဖြစ်ပါတယ်။
၂။ တူရကီကလပ် ဖီနာဘာချီအသင်းဟာ သူတို့ရဲ့ ကာလရှည်ပစ်မှတ်ဖြစ်တဲ့ အာဆင်နယ်ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ ထပ်မံကြိုးစားလာခဲ့ပြီဖြစ်ပြီး လာမယ့် ၂၄ နာရီအတွင်း တရားဝင်ကမ်းလှမ်းမှု ပြုလုပ်လာဖွယ်ရှိနေတယ်လို့ တူရကီသတင်းအရင်းအမြစ်တွေက ဖော်ပြခဲ့ကြပါတယ်။ ဂျော်ဂျင်ဟိုအနေနဲ့ အာဆင်နယ်ကနေထွက်ခွာဖို့ အစီအစဉ်မရှိကြောင်း အတိတလင်းထုတ်ဖော်ပြောဆိုထားပေမယ့် တူရကီကလပ်ဘက်က ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ (ပေါင် ၁၇.၉ သန်း) ဝန်းကျင်နဲ့ ကမ်းလှမ်းမယ်ဆိုရင် အပြောင်းအရွှေ့ဖြစ်ပေါ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။
၃။ တောင်ပံကစားသမား ရီးစ် နယ်ဆင်ဟာ သူ့ရဲ့ အိမ်မွေးခွေးလေး တီယာဂိုကြောင့် တရားစွဲဆိုခံထားရပြီး လက်တလော တရားရုံးမှာ အမှုရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ အဆိုပါခွေးလေးရဲ့ ကိုက်ခဲမှုကြောင့် အနှိပ်ပညာရှင် ဆေအိဒ် မွတ်တာအလီတစ်ယောက် ကြီးကြီးမားမား ထိခိုက်ဒါဏ်ရာရရှိခဲ့ရပြီး ၎င်းဖြစ်ရပ်နဲ့ပတ်သက်လို့ ဟန်ဒန် မေဂျစ္စထရိတ်တရားရုံးမှာ ခုလိုမျိုး တရားတဘောင် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
၄။ မန်ယူဂန္တဝင်ဟောင်း ဂယ်ရီ နဗီးလ်က အာဆင်နယ် ၃-၁ မန်ယူပွဲစဉ်မှာ အာဆင်နယ်အသင်းရရှိခဲ့တဲ့ ပင်နယ်တီဆုံးဖြတ်ချက်ကို ဒိုင်ဖြစ်သူက VAR ကြည့်ပြီး ပြန်လည်ပါယ်ဖျက်ခဲ့တဲ့အပေါ် အံ့အားသင့်မိတယ်လို့ ပြောဆိုလာပါတယ်။ နဗီးလ်ကတော့ အနေအထားက ပင်နယ်တီပေးလို့ရတဲ့အနေအထားဖြစ်ပေမယ့် ဒိုင်ဖြစ်သူက VAR ကြည့်ဖို့ လက်ခံခဲ့ပြီး သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်သွားခဲ့တာဟာ အံ့အားသင့်စရာကိစ္စဖြစ်တယ်လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
၅။ ခံစစ်မှူး တကီဟီရို တိုမီယဆုကတော့ အသင်းမှာ သူနဲ့အရင်းနှီးဆုံး သူငယ်ချင်းက ပြင်သစ်ခံစစ်မှူး ဝီလီယံ ဆာလီဘားဖြစ်တယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း (ဘာသာစကား အခက်အခဲကြောင့်) သူတို့နှစ်ဦးအကြားမှာ စကားတွေတော့ အများကြီး မပြောဖြစ်ကြဘူးလို့လည်း သူကဆိုသွားပါသေးတယ်။
t
၆။ သောမတ် ပါတေးရဲ့ ဒါဏ်ရာအခြေအနေဟာ သိပ်မကောင်းလှကြောင်းနဲ့ စစ်ဆေးမှုတွေ ထပ်မံပြုလုပ်ဖို့ လိုအပ်နေသေးကြောင်း နည်းပြ အာတီတာက မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ လက်တလောဆေးစစ်မှု ရလဒ်တွေအရ ဂါနာကွင်းလယ်လူအနေနဲ့ ရက်သတ္တပတ်အနည်းငယ်အနားယူရဖို့ သေချာတယ်လို့လည်း သူကဆိုသွားခဲ့ပါတယ်။ Daily Mail ကတော့ ပါတေးအနေနဲ့ ၆ ပတ်ဝန်းကျင်အနားယူရဖွယ်ရှိပြီး အောက်တိုဘာ နိုင်ငံတကာပွဲစဉ်တွေအပြီးကာလမှာ အသင်းနဲ့ပြန်ပူးပေါင်းနိုင်ဖို့ အာဆင်နယ်ဘက်က မျှော်လင့်နေကြောင်း ဖော်ပြထားပါတယ်။