(၄-၉-၂၀၂၃) နံနက်ခင်းပိုင်း အာဆင်နယ် သတင်းတိုများ

၁။ မန်နေဂျာဖြစ်သူ မီခယ် အာတီတာကတော့ မန်ယူနဲ့ပွဲစဉ်ဟာ သူ့ရဲ့ Match Plan အလုပ်ဖြစ်ခဲ့တာကြောင့် ခုလိုမျိုး ရလဒ်ကောင်းထွက်ပေါ်ခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ “အစီအစဉ်တွေက အတိအကျကို အလုပ်ဖြစ်သွားခဲ့တာပါ။ ဘာတွေဖြစ်လာနိုင်သလဲဆိုတာကို မနေ့ကတည်း ကစားသမားတွေကို ကျွန်တော် ပြောပြထားခဲ့ပါတယ်။ ပရိတ်သတ်တွေကတော့ မသိနိုင်ဘူးပေါ့။ ဒီတော့ ခံစားချက်လွန်ကဲတဲ့ ကိစ္စတွေတော့ ဖြစ်လာတာပေါ့” လို့ စပိန်သားက ဆိုသွားခဲ့ပါတယ်။

၂။ အာဆင်နယ်ကို အရေးနိမ့်ခဲ့တဲ့ မန်ယူအသင်းက နည်းပြဖြစ်သူ အဲရစ် တန်ဟက်က သူတို့အသင်းဟာ ဒိုင်ဆုံးဖြတ်ချက် အမှားတွေကြောင့် အရေးနိမ့်ခဲ့တာဖြစ်ကြောင်း ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။ VAR ဆုံးဖြတ်ချက်နဲ့ ပါယ်ဖျက်ခံခဲ့ရတဲ့ အလီဂျန်ဒရို ဂနာချိုရဲ့သွင်းဂိုးဟာ လူကျွံဘောမဟုတ်ကြောင်း၊ ကြည့်ရှုတဲ့ ရှုထောင့်ကြောင့်သာ လူကျွံတယ်လို့ ထင်နေရတာဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သလို ဒိုင်ဖြစ်သူဟာ ဟျိုလန်းကို ပင်နယ်တီ ဧရိယာအတွင်း ပြစ်ဒါဏ်ကျူးလွန်မှုနဲ့ ဒက်ကလန် ရိုက်စ် အနိုင်ဂိုးမသွင်းခင်မှာ အီဗန်စ်ကို ဂါဘရီယယ် ဆွဲလှဲခဲ့မှုတွေကိုလည်း လျစ်လျူရှုခဲ့ကြောင်းလည်း ဝေဖန်သွားပါတယ်။

၃။ ကွင်းလယ်လူ ဖေဘီယို ဗီအာရာရဲ့ ခြေစွမ်းဟာ ယခုနှစ်ရာသီမှာ အထူး ကောင်းမွန်ထက်မြက်နေပြီး သူ့ရဲ့ အသင်းနဲ့ပိုမို အံဝင်ခွင်ကျဖြစ်လာမှုအတွက် ကျေနပ်ပျော်ရွှင်မိတယ်လို့ နည်းပြအာတီတာက ပြောဆိုသွားခဲ့ပါတယ်။ ဗီအာရာဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာ လူစားဝင်ကစားသမားအဖြစ် ၄၇ မိနစ်သာ ပါဝင်ကစားခွင့်ရရှိထားသေးပေမယ့် ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးထားသလို ပင်နယ်တီတစ်ကြိမ်လည်း ရယူပေးထားပါတယ်။

၄။ Sky Sports ပွဲစဉ်သုံးသပ်သူတစ်ယောက်အဖြစ် လုပ်ကိုင်နေတဲ့ မန်ယူ ဂန္တဝင်ဟောင်း ရွိုင်ကိန်းဟာ အာဆင်နယ် ၃-၁ မန်ယူ ပွဲစဉ်အပြီးမှာ အာဆင်နယ်ပရိတ်သတ်တစ်ဦးရဲ့  တိုက်ခိုက်ရန်ပြုမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဆိုပါအခြေအနေကို မန်စီးတီးဂန္တဝင်ဟောင်း မီကာ ရစ်ချတ်က ကြားဝင်ကာကွယ်ပေးသွားခဲ့တာကြောင့် ပြဿနာမတက်ခဲ့ပေမယ့် ဗီဒီယိုဖိုင် အတိအကျထွက်ပေါ်လာခဲ့တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ကွင်းထိမ်းသိမ်းမှု ညံ့ဖျင်းမှုအတွက် အရေးယူခံရဖွယ် ရှိနေပါတယ်။ Sky Sports ကတော့ ၎င်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

၅။ အနိုင်ဂိုးရှင် ဒက်ကလန် ရိုက်စ်ကတော့ သူ့အနေနဲ့ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ် အမှတ်ပေးဖလားတင်မက ချန်ပီယံလိဂ်ဖလားကိုပါ သိမ်းပိုက်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောဆိုခဲ့သလို မန်ယူကို အနိုင်ယူနိုင်ခဲ့တာကြောင့် သူတို့အသင်းနဲ့ မန်စီးတီးအသင်းအကြား အမှတ်ကွာဟချက်ကို ထိမ်းထားနိုင်ခဲ့တာကြောင့် ဝမ်းသာမိတယ်လို့လည်း ဆိုခဲ့ပါတယ်။

၆။ စက်တင်ဘာလ ၁၆ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် အဲဗာတန် – အာဆင်နယ် ပရီးမီးယားလိဂ်ပွဲစဉ်ကို စက်တင်ဘာ ၁၇ ရက်နေ့ တနင်္ဂနွေနေ့ကို ပြောင်းရွှေ့လိုက်ကြောင်း Premier League က တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါပွဲမတိုင်ခင်မှာ အာဆင်နယ်အသင်းအနေနဲ့ Champion League ပွဲစဉ်ကစားဖို့ရှိနေတာကြောင့် ခုလိုမျိုး ကစားရက်ကို နောက်ဆုတ်ပေးခဲ့တာဖြစ်ပါတယ်။

Leave a Reply