၁။ နည်းပြ အာတီတာဟာ လန်းစ်နဲ့ပွဲစဉ်မှာတုန်းက ဘောလုံးဆုံးရှုံးမှုများပြားခဲ့တဲ့ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်အပေါ် အတော်လေး စိတ်ဆိုးဒေါသထွက်နေခဲ့တယ်လို့ Football London က ဖော်ပြသွားပါတယ်။ Sky Sports ရဲ့ သုံးသပ်သူတစ်ဦးဖြစ်တဲ့ မိုက်ကယ် ဒေါ်ဆင်ကလည်း အဆိုပါပွဲစဉ်မှာ မာတင် အိုဒီဂတ်နဲ့ ကိုင် ဟားဗက်ဇ်တို့ရဲ့ ခြေစွမ်းတွေဟာ အတော်လေးဆိုးရွားနေခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။
၂။ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကြွက်သားဒါဏ်ရာ ရရှိခဲ့တဲ့ တောင်ပံလူ ဘူကာယို ဆာကာရဲ့ ဒါဏ်ရာဟာ ပြင်းထန်မှုမရှိကြောင်းနဲ့ အန္တရာယ်ရှိတဲ့ အခြေအနေမျိုးမဟုတ်ကြောင်း အာဆင်နယ်ဆေးအဖွဲ့က မှတ်ချက်ပြုထားပါတယ်။ အဆိုပါ မှတ်ချက်ကြောင့် ဆာကာဟာ လက်ရှိအချိန်အထိလည်း မန်စီးတီးကို ရင်ဆိုင်မယ့် အာဆင်နယ်အသင်းရဲ့ လူစာရင်းထဲမှာ ရှိနေသေးကြောင်း သတင်းတွေကဆိုပါတယ်။ ဒါကြောင့် ဆာကာဟာ လာမယ့် တနင်္ဂနွေညမှာ ယှဉ်ပြိုင်ကစားမယ့် မန်စီးတီးနဲ့ပွဲစဉ်မှာ လူစာရင်းမှာ ပါဝင်နိုင်ခြေများနေကြောင်း Metro က ဖော်ပြသွားပါတယ်။
၃။ အာဆင်နယ်အသင်းဟာ ဖီအိုရင်တီးနားအသင်းက အသက် ၁၉ နှစ်အရွယ် ညာနောက်ခံလူ မိုက်ကယ် ကာယိုဒီကို ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သတင်းတွေကဆိုပါတယ်။ နိုက်ဂျီးရီးယားနွယ်ဖွား မိဘနှစ်ပါးကနေ အီတလီနိုင်ငံမှာ ဖွားမြင်ခဲ့တဲ့ ကာယိုဒီဟာ ပြီးခဲ့တဲ့ ယူ-၁၉ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အီတလီအသင်းမှာလည်း ပါဝင်ခြေစွမ်းပြကစားပေးထားသလို ဗိုလ်လုပွဲရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးကိုလည်း သွင်းယူပေးထားသူပါ။ အာဆင်နယ်တာဝန်ရှိသူတွေဟာ ကာယိုဒီကို ကင်းထောက်မှုတွေ စတင်ပြုလုပ်နေပြီဖြစ်ကြောင်းလည်း သိထားရပါတယ်။
၄။ အာဆင်နယ်အသင်းက လန်းစ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တောင်ပံကစားသမား လီအန်ဒရို ထရော့ဆက်ရဲ့ ဘောလုံးထိချက်ဟာ ၃၂ ကြိမ်သာရှိခဲ့ပြီး ဂိုးသမား ဒေးဗစ် ရာယာ (၅၂ ကြိမ်) ထက်တောင် ပိုနည်းပါးနေခဲ့တယ်လို့ မီဒီယာတွေက ထောက်ပြခဲ့ကြပါတယ်။
၅။ WhoScored ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ အာဆင်နယ်တိုက်စစ်မှူး ဂါဘရီယယ် ဂျီဇူးဟာ ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာ လိမ်ခေါက်ဖြတ်ကျော်မှု အကောင်းဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်နေတယ်လို့ ဆိုပါတယ်။ ဂျီဇူးဟာ မိနစ် ၉၀ တိုင်းမှာ တစ်ကြိမ် အောင်မြင်စွာ လိမ်ခေါက်ဖြတ်ကျော်နိုင်နေပြီး အနီးစပ်ဆုံး ပြိုင်ဘက်ကစားသမားတွေအနေနဲ့ မိနစ် ၂၀၀ မှာ တစ်ကြိမ်သာ လိမ်ခေါက်ဖြတ်ကျော်နိုင်စွမ်းရှိနေကြတယ်လို့ အဆိုပါဖော်ပြချက်အရ သိထားရပါတယ်။
၆။ ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကတော့ သူတို့အသင်းဟာ ယခုနှစ်ရာသီမှာ ချန်ပီယံလိဂ်ဆုဖလားကို အကောင်းဆုံး စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း ထုတ်ပြောလာပါတယ်။ အာဆင်နယ်လိုအသင်းမျိုးဟာ ချန်ပီယံလိဂ်ဆုဖလားနဲ့ ထိုက်တန်မှုရှိတဲ့အသင်းမျိုးဖြစ်ကြောင်းနဲ့ ယခုနှစ်ရာသီမှာ အကောင်းဆုံးလုပ်ဆောင်ပြနိုင်မယ်ဆိုရင် ဒီအခွင့်အရေးကို ပိုင်ဆိုင်လာနိုင်ကြောင်း သူက FourFourTwo ကို ပြောသွားတာဖြစ်ပါတယ်။