၁။ ဘိုင်ယန် ခံစစ်မှူး အယ်လ်ဖွန်ဆို ဒေးဗီးစ်ရဲ့ အေးဂျင့်ဖြစ်သူက သူ့ရဲ့ ကစားသမားကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်းက စိတ်ဝင်စားမှုပြသနေတယ်လို့ အတည်ပြုပြောဆိုလာခဲ့ပြီး ကာယကံရှင်ကိုယ်တိုင်ကတော့ ပရီးမီးယားလိဂ်ကို ခြေချဖို့ ပိုအာရုံကျနေကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ်။
၂။ ပရီးမီးယားလိဂ် ဂန္တဝင်ဟောင်း အီယန် ရိုက်ကတော့ တော့တင်ဟန် တိုက်စစ်မှူး ရီချာလီဆင်ဟာ လက်ရှိအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ရဲ့နေရာကို အစားထိုးဆက်ခံနိုင်လိမ့်မယ်လို့ ခန့်မှန်းသုံးသပ်လိုက်ပါတယ်။ ရီချာလီဆင်ဟာ မကြာသေးခင်ကမှ ကာလရှည်ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ကစားသမားဖြစ်ပေမယ့် ရိုက်ကတော့ ၎င်းကစားသမားရဲ့ အားထုတ်မှုနဲ့ ရုံးအားတွေဟာ ဆွန်ဟောင်မင်ရဲ့ တာဝန်တွေကို ပခုံးလွှဲယူနိုင်လောက်တဲ့အထိ လုံလောက်တယ်လို့ ဆိုသွားခဲ့တာပါ။
၃။ ဂျပန် တောင်ပံကစားသမား ကာရိုယူ မီတိုမာဟာ လက်ရှိကလပ် ဘရိုက်တန်အသင်းနဲ့ ၅ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ သဘောတူညီချက် ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ မီတိုမာဟာ စာချုပ်သစ်မှာ တစ်ပတ်လုပ်ခ ပေါင် ၈ သောင်းအထိ ခံစားခွင့်ရရှိသွားမှာပါ။
၄။ ESPN ရဲ့ သုံးသပ်သူတစ်ဦးဖြစ်တဲ့ ဂျနုဇ် မီချာလစ်ခ်ကတော့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားဟာ မိုဟာမက် ဆာလာ မဟုတ်တော့ပဲ အာလင်း ဟာလန်းဖြစ်နေပြီလို့ ဆိုသွားခဲ့သလို ဆာလာဟာ EPL ရဲ့ အကောင်းဆုံး အဆင့် ၅ နေရာလောက်မှာသာ ရှိနေလိမ့်မယ်လို့ မှတ်ချက်ပြုသွားပါတယ်။
၅။ မန်ယူတောင်ပံလူ ဂျေဒန် ဆန်ချိုတစ်ယောက် လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အငှားထွက်ကစားဖြစ်ဖို့ အတော်လေးနီးစပ်နေပြီဖြစ်ပြီး အသင်းဟောင်း ဒေါ့မွန်ထံ ပြောင်းရွှေ့နိုင်ခြေ အလွန်များနေတယ်လို့ သတင်းတွေကဆိုပါတယ်။ ဒေါ့မွန်နည်းပြ အီဒင် တာဇစ်ဟာ ဆန်ချိုကို ပုံမှန်ပွဲထွက်ခွင့်နဲ့ ဆွဲဆောင်စည်းရုံးနေတာဖြစ်ပါတယ်။
၆။ ရီးရဲလ်၊ ချယ်ဆီး၊ မန်ယူနဲ့ မန်စီးတီးအသင်းတွေဟာ အမေရိကန် မေဂျာလိဂ်က ခြေစွမ်းထက် လူငယ်ကြယ်ပွင့်လေး ဂျူလီယန် ဟောလ်ကို ခေါ်ယူဖို့အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။